Tuesday, January 7, 2014

လွတ်လပ်စွာသတင်းရယူခွင့် ဆန္ဒဖော်ထုတ်မှုတွင် လွှတ်တော်အမတ် ပူးပေါင်းပါဝင်မည်

သိင်္ဂီထွန်း

လွိုင်ကော်မှ Daily Eleven သတင်းထောက် မခိုင်ခိုင်ကို ထောင်ဒဏ်ချမှတ်ခြင်းနှင့် သတင်းထောက်များ သတင်းလွတ်လပ်စွာယူခွင့်တို့အတွက် ဇန်န၀ါရီ ၇ ရက် နံနက် ၉ နာရီတွင် သတင်းထောက် ၂၀၀ ခန့်က ဆန္ဒထုတ်ဖော်မည်ဖြစ်ရာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် လူမှုကွန်ရက်တချို့ကလည်း ပူးပေါင်းပါ ၀င်မည်ဟု မြန်မာဂျာနယ်လစ်ကွန်ရက် (MJN)မှ လူမှုရေးတာဝန်ခံ မရွှေမှုံက မဇ္ဈိမကို ပြောသည်။

“လွှတ်တော်ကိုယ်စားလှယ်တွေပဲဖြစ်ဖြစ်၊ ရှေ့နေများကွန်ရက်ဖြစ်ဖြစ် သူတို့တွေကလည်း ပြည်သူထဲက ပြည်သူပါပဲ။ အဲဒီ့အပေါ်မှာ အစ်မတို့က တကယ်ပဲ ၀မ်းသာကျေနပ်မိပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကလည်း လာပူးပေါင်းမယ်ဆိုတော့ အစ်မတို့ အရမ်းကိုကြိုဆိုပါတယ်”ဟု မြန်မာဂျာနယ် လစ်ကွန်ရက် (MJN )မှ လူမှုရေးတာဝန်ခံ မရွှေမှုံက ပြောသည်။

ရန်ကုန်မြို့ အလုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်အပါအ၀င် ရှေ့နေများ ကွန်ရက်၊ တောင်သူလယ်သမားသမဂ္ဂစသော လူမှုရေးအဖွဲ့အစည်းများကလည်း ဆန္ဒဖော်ထုတ်ရာတွင် ပူးပေါင်းပါဝင်ရန် မြန်မာဂျာနယ်လစ်ကွန်ရက်ကို ကမ်းလှမ်းထားသည်ဟု MJN ၏ အတွင်းရေးမှူး ဦးမြင့် ကျော်ကလည်း မဇ္ဈိမကို အတည်ပြုပြောကြားသည်။

ဇန်န၀ါရီလ ၇ ရက်တွင် ကယားပြည် နယ်၊ လွိုင်ကော်မြို့နယ်မှ Daily Eleven သတင်းထောက် မခိုင်ကို သတင်းယူရာတွင် ပိုင်နက်ကျူးလွန်မှုအပါအ၀င် ပုဒ်မသုံးခုဖြင့် ထောင်ဒဏ်သုံးလချမှတ်ခြင်း အပါအ၀င် သတင်းထောက်များသတင်းယူခွင့် ထိန်းချုပ်ခံရမှုအပေါ် မြန်မာဂျာနယ်လစ်ကွန်ရက်ကဦးစီးကာ ရန်ကုန် မြို့၊ ဘားလမ်း (ဆူးလေပန်းခြံနှင့် တိုင်းတရားလွှတ်တော်ရုံးရှိရာလမ်း)တွင် သတင်းထောက်၂၀၀ ခန့်က တရားဝင် ဆန္ဒထုတ်ဖော်မည်ဟု ဦးမြင့်ကျော်က ပြောသည်။

“ဒီကိစ္စက မခိုင်တစ်ယောက်တည်းအတွက် မဟုတ်ဘူး။ သတင်းထောက်တွေ သတင်းရယူမှု ထိန်းချုပ်ခံ ရတဲ့အပေါ်မှာ။ ဒီကိစ္စမှာ ကျွန်တော်တို့မပြောထားရင် အခုလို သတင်းယူတဲ့ဟာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့သတင်းထောက်တွေမှာ ထောင်ကျနိုင်တဲ့ အလားအလာတွေနဲ့ ရှေ့မှာ ကြုံရနိုင်တယ်”ဟု ဦးမြင့်ကျော်က ပြောသည်။

ယင်းသို့ ဆန္ဒထုတ်ဖော်ရာတွင် ဆူးလေ၌ နံနက် ၉ နာရီခန့်တွင် “တရားစီရင်ရေးမဏ္ဍိုင်၌ မီဒီယာအပေါ် ခြိမ်းခြောက်မှု”အကြောင်းကို ဟောပြောမည်ဖြစ်သည်။ ထိုမှတစ်ဆင့် “သတင်းလွတ်လပ်ခွင့်ခြိမ်းခြောက် ခံရမှု အလိုမရှိ”၊ “သတင်း လွတ်လပ်စွာရယူပိုင်ခွင့်သည် ဒီမိုကရေစီရဲ့ အသက်ဖြစ်သည်”၊ “မှန်ကန်တဲ့ တရားစီရင်ရေး ချက်ချင်းလုပ်ဆောင်ပေး” စသော ကြွေးကြော်သံများဖြင့် တီရှပ်အနက်များကို ဆင်တူ ၀တ်ကာ ကျောက်တံတား၊ ဒဂုံ၊ ဗဟန်း၊ မင်္ဂလာတောင်ညွန့်နှင့် တာမွေမြို့နယ်များကို ဖြတ်ကာ တာမွေ မြို့နယ် တောင်မြင်းပြိုင်ကွင်းလမ်းရှိ Eleven Media Group ရုံးအထိ ဆန္ဒထုတ်ဖော်မည်ဖြစ်သည်။

ယင်းသို့ ဆန္ဒဖော်ထုတ်ခြင်းအပေါ် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)၏ အထွေထွေအတွင်းရေး မှူးလည်းဖြစ်၊ The Voice သတင်းစာ၏ အယ်ဒီတာချုပ်လည်းဖြစ်သူ ဦးကျော်မင်းဆွေက “စာနယ်ဇင်း ကောင်စီအနေနဲ့ မှတ်ချက်ပေးစရာမရှိပါဘူး။ သတင်းထောက်တွေ သူ့သဘောဆန္ဒအရ ဆန္ဒထုတ်ဖော် တာပါ။ ကျွန်တော့်အနေနဲ့လည်း ဒီလိုပါပဲ”ဟု ပြောသည်။

လွိုင်ကော်မြို့မှ The Daily Eleven ၏သတင်းထောက်မခိုင်ကို သတင်းရယူမှုနှင့်ပတ်သက်၍ အိမ်ကျော် နင်းမှုဖြင့် လွိုင်ကော်မြို့နယ်တရားရုံးမှ ဒု-မြို့နယ်တရားသူကြီး ဦးမြမင်းဟန်က ဒီဇင်ဘာ ၁၇ ရက်၌ ပြစ် မှုပုဒ်မ ၄၅၁ (ပိုင်နက်ကျူးလွန်မှု)အရ ထောင်ဒဏ်သုံးလ၊ ပြစ်မှုပုဒ်မ ၅၀၀ (အသရေဖျက်မှု)အရ ထောင် ဒဏ်တစ်လနှင့် ပြစ်မှုပုဒ်မ ၂၉၄ (ခ) (ညစ်ညမ်းစွာပြောဆိုမှု)အရ ထောင်ဒဏ်တစ်လတို့ကို တစ်ပေါင်း တည်းကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

သတင်းထောက်မခိုင်အား ထောင်ဒဏ်အထိ ချမှတ်ခြင်းသည် ဥပဒေကျွမ်းကျင်သူများ၏ မှတ်ချက်အရ ဥပဒေကြောင်းအရ မှားယွင်းနေပြီး ပယောဂတစ်ခုပါနိုင်သည်ဟု မြန်မာဂျာနယ်လစ်ကွန်ရက်မှ အတွင်း ရေးမှူးဦးမြင့်ကျော်က မှတ်ချက်ပြုသည်။

“တစ်စုံတစ်ရာ အပြစ်ပေးသင့်တယ်ဆိုရင်တောင် ဒီပြစ်ဒဏ်မျိုး မပေးသင့်ဘူးလို့ ကျွန်တော်တော့ ယူဆ တယ်”ဟု ဦးမြင့်ကျော်က ပြောသည်။

ယင်းကဲ့သို့ သတင်းထောက်မခိုင်အား ထောင်ဒဏ်ချမှတ်မှု ပြုလုပ်အပြီးတွင် ဇန်န၀ါရီလ ၃ ရက်ထုတ် လူထုပုံရိပ်ဂျာနယ်တွင်ဖော်ပြထားသော အယ်ဒီတာ့အာဘော်နှင့် သတင်းရေးသားချက်များသည် အများ ပြည်သူကို လှုံ့ဆော်သည့် အရေးအသားမျိုးဖြစ်နေပြီး တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားမှုကိုထိခိုက် စေသည်ဟုဆိုကာ ပြည်ထဲရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း အထူးသတင်းတပ်ဖွဲ့၏ ခေါ်ယူသတိပေးခြင်း ကို ခံခဲ့ရသည်။

No comments: