မင်းမင်း၊ နန်းလွင်နှင်းပွင့်
ဒီမိုကရေစီလမ်းစဉ်သို့ ပြုပြင်ပြောင်းလဲနေသည့် ကာလအတွင်း လူ့အခွင့်အရေးများကို ပိတ်ပင်နေသည့် တည်ဆဲဥပဒေများ ဖျက်သိမ်းပေးရန် လိုအပ်သည်ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအပါအ၀င် ပြည်တွင်းအခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ တောင် သူလယ်သမားနှင့် အလုပ်သမားအရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့များ စုစုပေါင်း ၅၉ ဖွဲ့ စုပေါင်းကာ ဇန်န၀ါရီ ၅ ရက်၌ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်းတွင် ပြုလုပ်သည့် ဆန္ဒဖော်ထုတ်ပွဲက တောင်းဆို လိုက်သည်။
နိုင်ငံသားအခွင့်အရေး အပြည့်အ၀ပေး၊ မြန်မာနိုင်ငံတွင် စီတန်းလှည့်လည်ရေးဆိုင်ရာ ပုဒ်မ အလိုမရှိ၊ စီ တန်းလှည့်လည်ရေးဆိုင်ရာ ပုဒ်မ ဆက်ရှိပါက ဒီမိုကရေစီဆိုင်ရာ လူ့အခွင့်အရေးကို ချိုးဖောက်ဖျက်ဆီး တာနဲ့ အတူတူ၊ နိုင်ငံရေးအရ ဖမ်းဆီးမှု ချက်ခြင်းရပ် စသည့် ပိုစတာများ၊ စာသားများ၊ သရုပ်ဖော်မှုများ၊ ဟောပြောမှုများဖြင့် ညနေ ၃ နာရီမှ ၅ နာရီအကြား သက်ဆိုင်ရာ၏ ခွင့်ပြုမိန့် ရယူ ဆောင်ရွက်ခဲ့ကြ သည်။
ပြည်ထောင်စုလွှတ်တော် ကနဦးကာလ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ပြဋ္ဌာန်းခဲ့သည့် ငြိမ်းချမ်း စွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ ခွင့်ပြုချက်မယူဘဲ၊ မရဘဲ စီတန်းလှည့်လည်ပါက အရေးယူခံရမည်ဟု ပြဋ္ဌာန်းထားသည့် ပုဒ်မ ၁၈ နှင့် ကိုလိုနီခေတ်ကတည်းက လွတ်လပ်ရေးကြိုးပမ်းမှု များကို နှိပ်ကွပ်ရန် ပြဋ္ဌာန်းခဲ့ပြီး ယနေ့အချိန်အထိ တည်ဆဲဖြစ်သည့် ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ
၅၀၅ (ခ) (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေမှု) ကဲ့သို့သော ပြဋ္ဌာန်းချက်များကို ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါအခမ်းအနားတွင် ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုမိန့် တင်ရမည်ဟူသည့် ဥပဒေသည် နိုင်ငံသားအခွင့် အရေးအား ပိတ်ပင်ခြင်းသာဖြစ်သည်ဟု ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ဝေဖန်လိုက်သည်။
“ပြည်သူတွေနားလည်ခဲ့တာ ဥပဒေဆိုတာ အပေါ်ကနေ ကျလာတာ၊ ထုတ်တဲ့သူတွေက ဥပဒေကို အာ ဏာတွေ၊ အမိန့်တွေနဲ့ လိုက်နာခိုင်းခဲ့တယ်။ ဒီကနေ့မှာတော့ ဥပဒေဆိုတာ ပြည်သူတွေလက်ထဲကနေ ဖြစ်တဲ့ ဥပဒေဖြစ်အောင် ကျွန်တော်တို့ လုပ်ရမယ်။ နိုင်ငံသားအခွင့်အရေးတွေကို ကျင့်သုံးနိုင်ဖို့ အာမခံ ပေးနိုင်တဲ့ ဥပဒေတွေပဲရှိရမယ်။ ပိတ်ပင်တဲ့ ဥပဒေတွေဆိုတာ မရှိရဘူး”ဟု ဦးကိုကိုကြီးက ပြောသည်။
လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်ကတည်းကပင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာ တမ်း၌ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးပြီးဖြစ်၍ နိုင်ငံသားတိုင်း လွတ်လပ်စွာ ကြေညာပိုင်ခွင့်၊ ဖွင့်ဟ ပြောဆိုခွင့် ရှိပြီးဖြစ်သည်ဟု ၎င်းက သုံးသပ်ပြောဆိုသည်။
“ကျွန်တော်တို့နိုင်ငံက လွတ်လပ်ရေးရပြီးကတည်းက သဘောတူလတ်မှတ်ရေးထိုးထားတဲ့ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးစာတမ်းမှာ လွတ်လပ်အေးချမ်းစွာ စုဝေးနိုင်ခွင့်နဲ့ လွတ်လပ်ငြိမ်းချမ်းစွာ ဖွဲ့စည်း နိုင်ခွင့်ရှိတယ်လို့ ပါပြီးသားပါ။ ခွင့်ပြုမိန့်တွေ ဘာတွေ မလိုအပ်ပါဘူး”ဟု ဦးကိုကိုကြီးက ဆိုသည်။
ပုဒ်မ(၁၈)ပါ စီတန်းလှည့်လည်ခွင့် ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပြီး နှစ်နှစ်ကျော်ကြာ သည်အထိ ယနေ့တိုင် ပြင်ဆင်ဖြည့်စွက်ခြင်း ဆောင်ရွက်ရခြင်းမရှိသေးဘဲ ၂၀၁၃ ခုနှစ်အတွင်း နောက် ဆုံးအကြိမ် ကျင်းပသည့် နိုဝင်ဘာလ အစည်းအဝေးများ၌ ပြင်ဆင်ရန် ဥပဒေကြမ်းတစ်ခု တင်သွင်းခဲ့ပြီး လက်ခံဆွေးနွေးရန် ပြည်သူ့လွှတ်တော်က အတည်ပြုထားသည့် အခြေအနေ၌ပင် ရှိသေးသည်။
ဥပဒေပြဋ္ဌာန်းပြီး နှစ်နှစ်အတွင်း အဆိုပါပုဒ်မများဖြင့် ဖမ်းဆီးခံရသူနှင့် တရားစွဲဆိုခံရသူ ၂၀၀ ကျော်ရှိခဲ့ သည်ဟု လက်ကျန်နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီက ထုတ်ပြန်သောစာရင်းများက ဆိုသည်။ ယင်းတို့ကို သမ္မတက ဒီဇင်ဘာ ၃၀ ရက်တွင် လွတ်ငြိမ်ချမ်းသာခွင့်ပေးခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက်အထိ အ ဆိုပါပုဒ်မများဖြင့် တရားရင်ဆိုင်နေရသူများကို အမှုပိတ်သိမ်းပေးခဲ့သည်။ သို့သော် အဆိုပါပုဒ်မများ၊ ပြ ဋ္ဌာန်းချက်များကို ဖျက်သိမ်းခြင်း၊ ပယ်ဖျက်ခြင်း မပြုနိုင်သေးသည့်အတွက် ဖမ်းဆီးခံရမှုများ၊ တရားစွဲဆို ခံရမှုများ ဆက်ရှိနေဦးမည်သာဖြစ်သည်ဟု လက်ကျန်နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီဝင် ဦးရဲ အောင်က မဇ္ဈိမကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သုံးသပ်ပြောဆိုခဲ့သေးသည်။
ဆန္ဒထုတ်ဖော်ပွဲတွင် သတ်မှတ်အချိန်အတွင်း အပြီးလူစုခွဲပေးရန်၊ အငြင်းပွားဖွယ် မလိုလားသည့် စာ တမ်းများ၊ ပိုစတာများ၊ ဗီနိုင်းများ မကိုင်ဆောင်ရန် စသည့် စည်းကမ်းချက်များလိုက်နာမှသာ ပူးပေါင်း ဆန္ဒပြခြင်းကို ခွင့်ပြုမည်ဟူသည့် စာရွက်စာတမ်းများ ဝေငှခဲ့သည်။
အသွင်ကူးပြောင်းစ လက်ရှိအချိန်တွင် စိတ်ချရသည့်အနေအထား မရှိသေးဘဲ ပြည်သူ့အခွင့်အရေးများ ပြည့်ဝစွာရရှိနိုင်ရန် ကိုယ်တိုင်ထုတ်ဖော်ပြောဆိုမှသာ ထိုသို့ မလိုလားအပ်သည့် ဥပဒေများ ပယ်ဖျက်ရန် တတ်စွမ်းနိုင်မည်ဟု ဆန္ဒပြပွဲသို့ တက်ရောက်သည့် လူဦးရေ ၂,၀၀၀ ခန့်ကို ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက တိုက်တွန်းပြောကြားသည်။
No comments:
Post a Comment