Monday, January 6, 2014

လွိုင်ကော်မှ သတင်းထောက် ထောင်ဒဏ်ချခံရခြင်းအပေါ် မန္တလေးသတင်းသမားများ ဆန္ဒဖော်ထုတ် ရန် ခွင့်ပြုချက်မရ

အေးမြင့်စန်း

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ The Daily Eleven ၏ နယ်သတင်းထောက် မခိုင် (ခ) နော်ခိုင်ခိုင် အေးချိထောင်ဒဏ်ချမှတ်ခံရခြင်းအပေါ် မန္တလေးမှ ဒေသခံ သတင်းသမားများ ငြိမ်းချမ်းစွာ စုဝေး ခွင့်နင့် စီတန်းလှည့်လည်ရန်အတွက် ခွင့်ပြုချက် မပေးဟု အောင်မြေသာဇံ မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှုး ဦးစိုးမြင့်ဝင်းက ဇန်နဝါရီ ၅ တွင် မဇ္စျိမကို ပြောသည်။

ဦးစိုးမြင့်ဝင်းက “သူတို့စီတန်းလှည့်လည်ဖို့ ရွေးထားတဲ့နေရာက ဒီအတိုင်းတောင် ယာဉ်ကြော ရှုပ်ထွေး နေတာ။ မန္တလေးတိုင်း အစိုးရ အဖွဲ့အမိန့်အရ ခွင့်မပြုခဲ့တာပါ၊ တရားရုံးဆုံးဖြတ်ချက်အပေါ် ကျေနပ်မှုမရှိရင် တရားရုံးအဆင့်ဆင့်ကို အယူခံခွင့်ရှိပါတယ်”ဟုပြောသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ခွင့်ကို မန္တလေး၊ အောင်မြေသာဇံမြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံးကလည်း ငြင်းပယ်ခဲ့ပြီး ပြစ်မှု၊ ပြစ်ဒဏ်မျှတမှု မရှိပါက အထက်တရားရုံးများသို့ ပြင်ဆင်၊ အယူခံတက်ရောက်နိုင်ခြင်း၊ မှန်ကန်သော တရားစီရင်ရေး ဆောင်ရွက်မှုမရှိသော တရားရေး ဝန်ထမ်းများကို အရေးယူ ဆောင်ရွက်မှုရှိနေခြင်းနှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် လျှောက်ထား သည့် လမ်းကြောင်းမှာ ယာဉ်အသွားအလာ ရှုပ်ထွေး၍ ယာဉ်အန္တရာယ်များဖြစ်ပွားလာနိုင်ပြီး မလိုလားအပ်သော ပဏ္ဍပဋိပက္ခဖြစ်စဉ်များ
ဖြစ်ပွားလာနိုင်ခြင်းအစရှိသည့် အချက်များဖြင့် ခွင့်ပြုမိန့် ထုတ်ပေးရန် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆန္ဒဖော်ထုတ်ရန် ဆောင်ရွက်နေသူ မန္တလေးခေတ် သတင်းဂျာနယ် မှ အယ်ဒီတာချုပ် ဦးမင်းဒင်က “ ခွင့်ပြုချက်မရရင်လဲ စီတန်းလှည့်လည်လိုတဲ့ သူတွေလဲရှိပါတယ်၊ ဆန္ဒဖော်ထုတ်ဖို့ အတွက်ကို မန္တလေးသတင်းသမားတွေအားလုံး ညှိနှိုင်းဆောင်ရွက်သွား မှာပါ ”ဟု ပြောသည်။

ငြိမ်းချမ်းစွာ စုဝေးလှည့်လည်ရန် အတွက် မန္တလေးကျုံးဘေး(တောင်ဘက်) တစ်လျှောက်တွင် မန္တလေး ဒေသခံသတင်းသမား၂ဝဝ က စုဝေးလှည့်လည်ရန် တင်ပြထားခဲ့ခြင်းဖြစ်သည်။

လွိုင်ကော်ရှိ အဆိုပါ အမျိုးသမီး သတင်းထောက် ထောင်ဒဏ်ချမှတ်ခံရခြင်းအပေါ် မှန်ကန်သော တရားစီရင် ရေးဖြစ်ပေါ်လာစေရန်နှင့် နယ်သတင်းထောက်များ သတင်းရယူရာတွင် ခြိမ်းခြောက်ခံရခြင်း ပပျောက် စေရန် အတွက် ရန်ကုန်နှင့်မန္တလေးရှိ သတင်းသမား များ ဇန်နဝါရီ ၇ ရက်တွင် တစ်ပြိုက်နက်တည်း ငြိမ်းချမ်းစွာ စုဝေးလှည့်လည်ရန် ခွင့်ပြုချက် တင်ပြထားခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တွင်မူ ဆန္ဒဖော်ထုတ်ရ်န ခွင့်ပြုချက်ရခဲ့သည်။

ဆန္ဒဖော်ထုတ်ရန် အတွက် ဦးဆောင်ဆောင်ရွက်သည့် မြန်မာ ဂျာနယ်လစ်ကွန်ရက်မှ အတွင်းရေးမှုး ဦးမြင့်ကျော်က “ နယ်တွေမှာ ရန်ကုန်နဲ့ မတူဘူး။ ဒေသ အာဏာပိုင်တွေက ဖိနှိပ်တာတွေ ပေါ်လွင် တယ်၊ နယ်သတင်းထောက်က သတင်းရယူရင်းနဲ့ ကျင့်ဝတ် အနည်းငယ် ချွတ်ချော်တာရှိ ကောင်းရှိနိုင်တယ်၊ အခုချမှတ်လိုက်တဲ့ ပြစ်ဒဏ်က ဘယ်လိုမှ မထိုက်တန်ဘူး၊ နယ်သတင်းထောက် မို့လို့ ခြိမ်းခြောက်တာလို့ မြင်တယ်၊ ဆန္ဒဖော်ထုတ်တာက သတင်းထောက်တစ်ယောက်တည်းအတွက် မဟုတ်ဘူး၊ သတင်းရယူခွင့်ကို ထိပါးလာတဲ့အတွက် ဖြစ်တယ်”ဟု ပြောသည်။

ရန်ကုန်တွင် ဇန်နဝါရီ ၇ရက် ၌် သတင်းသမား ၁၅ဝ ကျော်က ဗဟာဗန္ဒုလ ပန်းခြံ အတွင်းရှိ လွတ်လပ်ရေး ကျောက်တိုင်မှ The Daily Eleven သတင်းစာ ရုံးခန်းအထိ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်သွား မည်ဖြစ်သည်။

လွိုင်ကော်မြို့မှ The Daily Eleven ၏ သတင်းထောက် မခိုင်ကို သတင်းရယူမှုနှင့် ပတ်သက်၍ အိမ်ကျော်နင်းမှုဖြင့် လွိုင်ကော်မြို့နယ် တရားရုံးမှ ဒု-မြို့နယ် တရားသူကြီး ဦးမြမင်းဟန်က ဒီဇင်ဘာ ၁၇ ရက်၌ ပြစ်မှုပုဒ်မ ၄၅၁ (ပိုင်နက် ကျူးလွန်မှု) အရ ထောင်ဒဏ် သုံးလ၊ ပြစ်မှုပုဒ်မ ၅ဝဝ (အသရေဖျက်မှု ) အရ ထောင်ဒဏ်တစ်လနှင့် ပြစ်မှုပုဒ်မ ၂၉၄ (ခ) (ညစ်ညမ်းစွာ ပြောဆိုမှု) အရ ထောင်ဒဏ် တစ်လတို့ကို တစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

No comments: