Saturday, January 25, 2014

စိတ်ကြွဆေး ထုတ်လုပ်ဖြန့်ဖြူးနေရာ အတိအကျမသိဟု ပြည်ထဲရေးပြော

မြတ်သူရ

စိတ်ကြွရူးသွပ်ဆေးပြားများ ထုတ်လုပ်ဖြန့်ဖြူးနေသော လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ထုတ်လုပ်သည့် နေရာ အတိအကျကို ဖော်ထုတ်နိုင်ခြင်းမရှိသေးဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဇန်န၀ါရီ ၂၃ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ၀န်ခံ ပြောကြားသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ၏ ဘိန်းပင်မှ ထုတ်လုပ်ခြင်း မဟုတ်သော အခြားမူးယစ် ဆေးဝါးများကို မည်သည့်လက်နက်ကိုင်များ ကြီးစိုးရာဒေသမှ အဓိက ထုတ်လုပ်ဖြန့်ဖြူး နေသနည်းဆို သော မေးခွန်းအပေါ် ယင်းက “ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်များအရ မြန်မာနိုင်ငံ အရှေ့ ပိုင်းမှာရှိတဲ့ နယ်စပ်ဒေသများမှာ ပြည်ပရှိ မူးယစ်ဆေးဝါးဂိုဏ်းများက ငွေကြေး၊ နည်းပညာနဲ့ ကိရိယာ များ ရင်းနှီးမြှုပ်နှံပြီး ထုတ်လုပ်နေတာဖြစ်ပြီး၊ လုံခြုံရေး ကန့်သတ်ချက်ရှိတဲ့ နေရာဒေသတွေဖြစ်လို့ ထုတ် လုပ်နေတဲ့ နေရာအတိအကျနဲ့၊ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းက ထုတ်လုပ်နေသလဲဆိုတာကို အတိ အကျဖော်ထုတ်နိုင်ခြင်း မရှိသေးဘူ” ဟု ပြန်လည် ဖြေကြားခဲ့သည်။

ဘိန်းပင်မှထုတ်လုပ်ခြင်းမဟုတ်သော အခြားမူးယစ်ဆေးများနှင့် စိတ်ကြွမူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံ အရှေ့ပိုင်းနယ်စပ်ဒေသများရှိ လက်နက်ကိုင်အဖွဲ့အစည်းများက တရားမ၀င် ထုတ်လုပ်တင်သွင်းလျက်ရှိ ပြီး ဆူဒိုအက်ဖီဒရင်းဆေးသည် အိန်္ဒိယနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသော ဆေးဝါးဖြစ်သောကြောင့် မူးယစ်မှောင်ခိုသမားများက မြန်မာ-အိန်္ဒိယနယ်စပ် ကလေး၊ တမူးမှတစ်ဆင့် တင်သွင်းခြင်းဖြစ်ပြီး လက် နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်ခြင်းမရှိဟု ဒု-၀န်ကြီးက ဆိုသည်။

ဆူဒိုအက်ဖီဒရင်းဆေး ရောင်းချခဲ့သူများသည် အိန်္ဒိယနိုင်ငံသားများ ဖြစ်သောကြောင့် ကွင်းဆက်တရားခံ များဖမ်းဆီးရမိရေးနှင့် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ထိန်းချုပ်ပေးနိုင်ရေးအတွက် နှစ်နိုင်ငံအောက်ခြေ အရာရှိအဆင့် မူးယစ်ဆေးဝါး သတင်းဖလှယ်ပွဲများနှင့် မြန်မာ-အိန်္ဒိယနှစ်နိုင်ငံ နယ်စပ်၊ တမူး-မိုးရေးနယ် စပ်ဆက်ဆံရေးရုံးတွင် ပြုလုပ်သော အစည်းအဝေးများတွင် ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းနေခြင်း ဖြစ် သည်။

တမူးခရိုင်နှင့် ကလေးခရိုင်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများ ပပျောက်ရေး အရှိန် အဟုန်မြှင့် ဆောင်ရွက်သည့်အနေဖြင့် တမူးနှင့်ကလေးဒေသများတွင်မူးယစ်ဆေးဝါးတားဆီးရေး ရဲတပ်ဖွဲ့ အင်အားတိုးချဲ့ကာ နယ်မြေခံရဲတပ်ဖွဲ့၊ ပြည်သူလူထုတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အခြားနယ်စပ် ဒေသများဖြစ်တဲ့ မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ မူဆယ်၊ လောက်ကိုင် မြန်မာ-လာအို နယ်စပ်ရှိ ၀မ်ပုံ၊ ၀မ်ကျင်း မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်၊ ကော့သောင်း၊ မြ၀တီစတဲ့ နယ်စပ်မြို့များ တွင် နယ်စပ်ဆက်ဆံရေးရုံးများ ဖွင့်လှစ်ပြီး မူးယစ်ဆေးဝါး သတင်းဖလှယ်မှုများ ဆောင်ရွက်လျက်ရှိသည် ဟုဆိုသည်။

No comments: