Friday, January 10, 2014

မန်းစည်ပင်ဝန်ထမ်းများ ဌာနအလိုက် လာဘ်ယူမှုရှိ၊ မရှိစစ်ဆေးပြီး ထိရောက်စွာအရေးယူမည်

မျိုးသန့်

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရှိ ဝန်ထမ်းများကို ၂ဝ၁၃ ခုနှစ်က လာဘ်ပေးလာဘ်ယူ
ပြုလုပ်ခဲ့သည့်အပေါ် တိုင်ကြားမှုများကို အရေးယူနိုင်ခဲ့ခြင်း မရှိသော်လည်း ယခုနှစ်မှစတင်ကာ ဌာနအလိုက် စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်ကာ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည်ဟု စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဦးခင်မောင်လတက မဇ္ဈိမကို ဇန်နဝါရီလ ၉ ရက်က ပြောသည်။

“ လာဘ်ပေးလာဘ်ယူမှုနဲ့ တိုင်ကြားတာတွေရှိပေမယ့် အရေးယူနိုင်လောက်တဲ့အထိ မရှိတာကြောင့် အရေးယူခဲ့ခြင်း မရှိပါဘူး။ တိုင်ကြားရင် ဌာနအတွင်း စစ်ဆေးရေး၊ အမှန်တကယ်ကျူးလွန်မှု ရှိမရှိ စစ်ဆေးတဲ့ အဖွဲ့တွေနဲ့ကို ဖွဲ့စည်းထားရှိပါတယ်။ အမှန်တကယ် ကျူးလွန်တယ်ဆိုရင်တော့ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမှာပါ။ စစ်ဆေးရေးတွေကိုလည်း ပိုမိုလုပ်ဆောင်သွား မှာပါ”ဟု အတွင်းရေးမှူးဦး ခင်မောင်လတ်ကပြောသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ဌာနပေါင်းဆယ်လေးခုနှင့် ကော်မတီအဖွဲ့ အပါအဝင် ဌာနစုစုပေါင်း ၁၅ ခုရှိပြီး အမြဲတမ်းဝန်ထမ်း ၁,၉၈၈ ယောက်၊ ယာယီ၊ နေ့စား၊ ပုတ်ပြတ် ဝန်ထမ်း လေးထောင်ကျော်ရှိသည်။ ထိုဝန်ထမ်းများက မန္တလေးမြို့အတွင်း မြို့နယ်များဖြစ်သည့် ချမ်းအေးသာစံမြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ အမရပူရမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာစည်မြို့နယ်တို့ကို တာဝန်ယူဆောင်ရွက်နေသည်။

No comments: