Wednesday, January 1, 2014

ရပ်ကျေးမှူးနှင့် မြေစာရင်းဦးစီးဝန်ထမ်းများ လယ်ယာမြေမှတ်ပုံတင်ချပေးမှု မသမာမှုရှိဟုဆို

မောင်သင်တုန်း

ဧရာဝတီတိုင်းရှိ ကျေးရွာအချို့တွင် လက်ရှိ လယ်ယာမြေမှတ်ပုံတင် ထုတ်ပေးထားသည့် လယ်သမား များကို မူလလယ်ပိုင်ရှင်များက ကန့်ကွက်ထားပြီး သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြေစာရင်းဦး စီးဌာနစာရေးများကိုလည်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများသို့ တိုင်စာများပေးပို့ထားကြောင်း လယ်သမားအရေး ဆောင်ရွက်သူများက မဇ္ဈိမကို ပြောသည်။

လယ်ယာမြေစီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌဖြစ်သည့် ကျေးရွာအုပ်ချူပ်ရေးမှူးနှင့် မြေစာရင်းဦးစီးဌာနမှ ပူး ပေါင်းကာ ဆွေမျိုးသားချင်းများနှင့် ငွေကြေးတတ်နိုင်သူများကိုသာ လယ်ယာမြေပိုင်ဆိုင်မှုမှတ်ပုံတင် ဦး စားပေး ထုတ်ပေးထားခြင်းဖြစ်သည်ဟု လယ်သမားအရေး ဆောင်ရွက်သူများက ဝေဖန်ပြောဆိုသည်။

လပွတ္တာမှ လယ်သမားအရေး ဆောင်ရွက်ပေးနေသော လယ်သမားသမဂ္ဂခေါင်းဆောင် ဦးအောင်မိုးဝင်း က “ကန့်ကွက် တိုင်ကြားမှုတွေကို လုပ်လာတာ ခြောက်လလောက်ရှိပြီး ခုချိန်ထိဖြေရှင်းဆောင်ရွက်ပေး ခြင်းမရှိဘူး”ဟု ပြောသည်။

မြေယာစီမံခန့်ခွဲရေးကော်မတီက ဆုံးဖြတ်ပြီး ပိုင်ဆိုင်မှုအထောက်အထား ထုတ်ပေးထားသော လယ်သ မားများကို မကျေနပ်သည့် လယ်သမားများအနေဖြင့် ရက်ပေါင်း ၃၀ အတွင်း ကန့်ကွက် တိုင်ကြားနိုင် သည်။ ဧရာဝတီတိုင်းဒေသကြီးရှိ သိမ်းယူထားသော လယ်ယာမြေများ ပြန်ပေးရာတွင် ပိုင်ဆိုင်မှု အငြင်း ပွားနေသည့် အမှုပေါင်း ၃၀၀ ကျော်ရှိကြောင်း လယ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။

အဆိုပါတိုင်ကြားမှုဖြစ်စဉ်များမှာ ငွေကြေးမလုံလောက်သည့် လယ်သမားများက ငွေကြေးရှိသူများထံ ပေါင်နှံထားပြီး သုံးနှစ်ကျော်သည်အထိ ပြန်လည်ရွေးယူနိုင်ခြင်းမရှိသည့်အတွက် လယ်ယာမှတ်ပုံတင် ထုတ်ပေးရာတွင် အပေါင်လက်ခံယူထားသည့် လယ်သမားများကို ထုတ်ပေးထားသောကြောင့် မူလ လယ်ပိုင်ရှင်များက ကန့်ကွက် တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

လယ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ မြောင်းမြမြို့နယ် လယ်သမားသမဂ္ဂ အတွင်းရေးမှူး ဦးသန်း ဇော်ဦးက “ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ဖြေရှင်းမပေးတာ အများကြီးဘဲ ဧရာဝတီတိုင်းဒေသကြီးမှာ ကန့် ကွက်တိုင်ကြားမှုမရှိတဲ့နေရာ ခပ်ရှားရှားဘဲ တစ်တိုင်းလုံးဖြစ်နေတာ”ဟု ပြောသည်။

မှတ်ပုံတင်ထုတ်ပေးရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများသည် အသစ်ရွေးချယ် တင်မြှောက်ထားသူများ ဖြစ်သည့်အတွက် မူလလယ်ပိုင်ရှင်များကို အမှန်တကယ်မသိဘဲ ပိုင်ရှင်မှားပြီး လယ်ယာမှတ်ပုံတင်များ ကို ထုတ်ပေးမှုများရှိကြောင်းလည်း လယ်သမားများက ပြောသည်။ တချို့ကျေးရွာအုပ်ချုပ်ရေးမှူးများက မူလလယ်ပိုင်ရှင်ကို သိသိကြီးဖြင့် ဆွေမျိုးသားချင်းနှင့် ငွေကြေးတတ်နိုင်သူများကို မြေစာရင်းဦးစီးဌာန နှင့် ပူးပေါင်းပြီး လယ်ယာမြေမှတ်ပုံတင်များ ထုတ်ပေးနေခြင်းဖြစ်သည်ဟု လယ်သမားအရေး ဆောင် ရွက်သူများက ပြောသည်။

လယ်ယာမြေစုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က “ဧရာဝတီတိုင်းဒေသကြီး လယ်သမားကိုယ်စားလှယ် ၃၀ လောက်က သူတို့ လယ်ယာမြေမှတ်ပုံတင် ထုတ်ပေးထားတာနဲ့ပတ်သက်ပြီး မကျေနပ်တဲ့အတွက် ဘယ်လိုဆက်လုပ်လို့ရမလဲဆိုပြီး အကူအညီ လာပြီးတောင်းနေကြတယ်”ဟု ပြောသည်။

လယ်ယာမြေမှတ်ပုံတင် ထုတ်ပေးနိုင်ရန်အတွက် အချိန်အားဖြင့် တစ်နှစ်ယူခဲ့ပြီး နိုဝင်ဘာလ နောက်ဆုံး ထုတ်ပေးထားပြီး ဖြစ်သည်။ ပိုင်ဆိုင်မှုအငြင်းပွားနေသော လယ်ယာမြေများအတွက် မြေယာစီမံခန့်ခွဲရေး ကော်မတီရဲ့ ဆုံးဖြတ်ချက် မကျေနပ်မှုရှိပါက ခရိုင်တိုင်းအဆင့် ဆောင်ရွက်ပေးသွားမည်ဟု ထုတ်ပြန် ထားသည်။

မြောင်းမြမြို့နယ် အုပ်ချုပ်ရေးမှူးမှ ဒု-ဦးစီးမှူးဦးကျော်သိမ်းက “ကန့်ကွက်စာ တချို့ကျေးရွာအုပ်ချူပ်ရေး မှူး တိုင်ကြားစာတွေနဲ့ပတ်သက်ပြီး အတော်ကလေး စိတ်မကောင်းဖြစ်ရပါတယ်။ ဒီဇင်ဘာလအတွင်းမှာ တော့ အပြီးဖြေရှင်းဆောင်ရွက်ပေးဖို့ လုပ်ဆောင်နေပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကိုလည်း ဥပ ဒေနဲ့အညီ မှန်မှန်ကန်ကန် ဖြေရှင်းဆောင်ရွက်ပေးနိုင်အောင် ထိန်းပေးနေတယ်”ဟု ပြောသည်။

No comments: