Wednesday, January 1, 2014

လိင်အကြမ်းဖက်မှု ရိုးရာဓလေ့ဖြင့်ဖြေရှင်းနည်း အမျိုးသမီးနစ်နာ

ဆန်းဖြိုးထွန်း

ကယား/ကရင်နီပြည်ဒေသတွင်းရှိ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများကို ရိုးရာဓလေ့နည်းများဖြင့်ကိုင်သွယ်ဖြေရှင်းမှုသည် အမျိုးသမီးတို့၏အခွင့်အရေး ပိုမိုနှစ်နာဆုံးရှုံးသည်ဟု ကယန်းအမျိုးသမီးအဖွဲ့က ပြောသည်။

လက်ရှိနိုင်ငံရေးအခြေအနေအသွင်ကူးပြောင်းကာလအတောအတွင်း အမျိုးသမီးအပါအ၀င် လူငယ်အများစုမှာ မူးယစ်ဆေးဝါးပိုမိုသုံးစွဲလာကြခြင်းနှင့်ဆက်စပ်ပြီး ဖြစ်ပေါ်လာသည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ဥပဒေအရ မဆောင်ရွက်ဘဲ ရိုးရာဓလေ့ထုမ်းတန်းအစဉ်အလာအရ ဖြေရှင်းမှုများရှိနေချိန်တွင် ကယန်းအမျိုးသမီးအဖွဲ့ (KYWO) မှ ယခုလို ပြောဆိုခြင်းဖြစ်သည်။

“မိန်းကလေးတဦးကို အဓမ္မပြုကျင်းပြီးရင် တောင်းပန်တဲ့ ၀က်တကောင်သတ်ပြီးရွာကိုလိုက်ဝေတယ် ရွာက လူတွေကလည်း မကျေအေးရင်အညိုးအတေးထားမယ်ဆိုပြီး မိန်းကလေးကို နားချပြီး ကျေအေးလိုက်တယ်။ ဒီလိုကိစ္စဖြစ်ပြီးရင် မိန်းကလေးအဖို့ သူ့ပတ်ဝန်းကျင်မှာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ၊သိက္ခာကအစထိခိုက်တာ ကြက်တကောင် ၀က်တကောင်နဲ့ ကြေးအေးပေးနေရသလိုဖြစ်နေတယ်”ဟု KYWO တွဲဘက်အတွင်းရေးမှူး ဒေါ်မူအန်းဂျေကပြောသည်။

ထိုသို့ကြေအေးခြင်းမရှိပါက ရွာနာမည်ပျက်သည်၊ အညှိုးအတေးထားနိုင်သည်ဟုဆိုကာ ကာယကံရှင်အမျိုးသမီးကို ကျေးရွာမှ ဖိအားပေးမှုများပြုလုပ်ကာ ကာယကံရှင်အမျိုးသမီးကိုယ်တိုင်က ရှက်ကြောက်သဖြင့် တိုင်ကြားခြင်း မပြုလုပ်နိုင်ကြောင်းဆိုသည်။

“ကျူးလွန်ခံရတဲ့ အမျိုးသမီးလေးတွေရဲ့ကိစ္စကိုဆောင်ရွက်ရင် ကျူးလွန်တဲ့လူအတော်များများဟာ စိတ်ကြွဆေးတွေ သုံးစွဲထားတယ်ဆိုတာသိရတယ် နောက်ပြီးစစ်လေ့ကျင့်ရေးစခန်း ဖွင့်လိုက်တဲ့အတွက်လည်း အမျိုးသမီးအကြမ်းဖက် ခံရတာတွေရှိလာတယ်”ဟု ဒေါ်မူအန်းဂျေကပြောသည်။

ကယားပြည်နယ်တွင်အမျိုးသမီးများအကြမ်းဖက်ခံရမှုကို ရိုးရာဓလေ့ဖြင့်ကျေးအေးနေမှုနှင့်ပတ်သက်ပြီး ဒေသခံ အမျိုးသမီးတဦးဖြစ်သူက “ ဒီလို ကြေအေးတယ်ဆိုတာတော့ ကြားသေးတယ်ဒါပေမယ့် မြို့ပေါ်မှာတော့ မကျင့်သုံးတော့ဘူး မြို့နဲ့ အလှမ်းဝေးတဲ့ရှေးရိုးစွဲကျေးရွာတွေမှာ ခေါင်းဆောင်ကဆုံးဖြတ်တဲ့အတိုင်း လိုက်နာရတာရှိသေးတယ်”ဟု ပြောသည်။

အကြမ်းဖက်ခံရတသည့် အမျိုးသမီးတို့၏စိတ်ပိုင်းဆိုင်ရာ နှင့်ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကိုအပြင် ကျန်းမာရေး စောင့်ရှောက်မှုများလည်း လိုအပ်လျက်ရှိပြီး အခုလိုအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ဥပဒေဖြင့်ဖြေရှင်းနိုင်ရန် တရားစွဲဆိုနိုင်ရန် ရှေ့နေငှားရမ်းနိုင်ရန်ငွေကြေး အခက်ခဲဖြစ်နေပြီး အခမဲ့ရှေ့နေ၀န်ဆောင်မှု လိုအပ်ကြောင်း KYWO အဖွဲ့ဝင် ဒေါ်မူချယ်ရီကပြောသည်။

ကယားပြည်နယ်တွင် ယခုနှစ်အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသည့် အမျိုးသမီးပေါင်း ခြောက်ယောက်ခန့်ရှိ နေပြီးအကြမ်းဖက်ခံရမှု့ထဲတွင် ကလေးသူငယ်များလည်း ပါဝင်နေသည်။

လားရှိုးတွင်ပြုလုပ်သော ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောင်ခြင်းဆွေးနွေးပွဲတွင် လက်ရှိမှာမြန်မာနိုင်ငံက စစ်အင်အားတိုးချဲ့မှုကြောင့် အမျိုးသမီးနှင့် ကလေးငယ်များ အရမ်းအကြမ်းဖက်ခံရသည့် အကြောင်းကို တင်ပြခဲ့ပြီး လျော့နည်းသွားအောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း ပူးပေါင်းရန်လိုအပ်ကြောင်းနှင့် ဖက်ဒရယ်မူထဲတွင် အမျိုးသမီးနှင့် ကလေးအတွက် အခန်းကဏ္ဍ သေချာရေးဆွဲပေးရန် အမြင်သဘောထားကိုထုတ်ပြန်ခဲ့သည်ဟု KYWO အဖွဲ့ကဆိုသည်။

No comments: