Thursday, January 23, 2014

မန်စီရှိ ဒုက္ခသည်စခန်းတွင် အစားအသောက်နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေ

ဖနိဒါ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်အတွင်းရှိ မိုင်းခေါင် ကချင်ဒုက္ခသည်စခန်းတွင် အစားအ သောက်နှင့် ဆေးဝါးများ လိုအပ်နေသည်ဟု စခန်းမှ ကျန်းမာရေးတာဝန်ခံ ဆရာလထော်နော်လိုင်က မဇ္ဈိမကို ပြောသည်။

ယခုလဆန်းပိုင်းမှစတင်၍ ကလေးငယ်ပေါင်း ၅၀ ကျော်သည် ၀မ်းရောဂါဖြစ်ပွားနေရာမှ အနည်းငယ် လျော့နည်းသွားပြီ ဖြစ်သော်လည်း ယခုရက်ပိုင်းတွင် ရင်ကျပ်၊ နာစေး၊ ချောင်းဆိုးရောဂါများဖြစ်ပွားသူ ၁၅ ဦးအထိ ဖြစ်ပွားလာသဖြင့် ဆေးဝါးအရေးပေါ် လိုအပ်နေသည်ဟု ဆက်ပြောသည်။

“စခန်းမှာ အခု နှာစေးချောင်းဆိုးဖြစ်တာ များနေတယ်။ ရင်ကျပ်တာတွေ ဖြစ်နေတယ်။ မနေ့က စုဖြစ်နေ တာက ၁၅ ယောက် ရှိနေပြီ။ ၀မ်းရောဂါလည်း ဆက်ဖြစ်နေတယ်။ ဒါပေမဲ့ နည်းနည်းလျော့လာပြီ။ ကျွန် တော်တို့မှာ ရှိတဲ့ဆေးတွေလဲ ကုန်လို့ ဒုက္ခရောက်နေတယ်”ဟု ပြောသည်။

လက်ရှိတွင် ကရုဏာအဖွဲ့က ဆန်အိတ်များ ထောက်ပံ့မှုရရှိသော်လည်း အာဟာရအတွက် အစားအ သောက်များမှာမူ မရရှိသဖြင့် အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ အခြေစိုက်အဖွဲ့တစ်ဖွဲ့မှလည်း အ၀တ်အစားများ လာရောက်ထောက်ပံ့ပေးသည်ဟုလည်း ၎င်းက ဆက် ပြောသည်။

“အစားအသောက်ကြောင့်လည်း ပါတယ်။ ပိုဆိုးတာက အ၀ီစိရေကို စက်နဲ့စုပ်ယူပြီး သောက်သုံးရေ ကြောင့်လည်း ဖြစ်မယ်။ ဒီမှာက အေးတော့ အိပ်တာကလည်း သမံသလင်းမှာဘဲ အိပ်တယ်။ တချို့ဆို မြေကြီးမှာပဲ အိပ်တာ။ ထရံလည်း မလုံခြုံဘူး။ ခုတလောပဲ ကြမ်းခင်းပေးတယ်”ဟု ဆိုသည်။

ကရင်နှစ်ခြင်းအသင်းတော်(KBC)မှ မိုင်းခေါင်ဒုက္ခသည်စခန်းရှိ ဆေးခန်းတွင် ဆေးဝါးပြတ်လပ်နေသည့် အတွက် လာရောက် ထောက်ပံ့ပေးခဲ့ပြီး မိုင်းခေါင်စခန်းမှ သုံးမိုင်အကွာအဝေးရှိ ခပရာယန် ဒုက္ခသည် စခန်းတွင်လည်း ဒုက္ခသည် ၁၂ ဦး ချောင်းဆိုးရောဂါနှင့် ရင်ကျပ်ရောဂါများ ဖြစ်ပွားနေသဖြင့် ဇန်န၀ါရီ ၁၉ ရက်က သွားရောက် ကုသပေးခဲ့ကြောင်း အဆိုပါစခန်း တာဝန်ခံများက ပြောသည်။

မိုင်းခေါင်ဒုက္ခသည်စခန်း၌ ဒုက္ခသည်များ နေရာထိုင်ခင်းမှာ မြေကြီးတွင် မိုးကာသာခင်း၍ နေထိုင်နေရ သဖြင့် KBC မှ အဆောက်အအုံ ခြောက်ခု ဆောက်လုပ်ပေးနေပြီဖြစ်ကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၏ တပ်မဟာ(၃) လက်အောက်ခံတပ်ရင်း (၁၂)တပ်ဖွဲ့များနှင့် မြန်မာအစိုးရစစ်တပ်တို့ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် မုန်းဒိန်ပါ၊ နမ်လင်းပါ၊ မခေါ် ယန် စသည့် ကျေးရွာများမှ ရွာသားပေါင်း ၇၀၀ ကျော်သည် မိုင်းခေါင် ဒုက္ခသည်စခန်းတွင် ခိုလှုံနေ သည်။

ဇန်န၀ါရီဆန်းပိုင်းက မုန်းဒိန်ပါ၊ နမ်လင်းပါ ကျေးရွာများတွင် အခြေချနေသော အစိုးရစစ်ကြောင်းများ ပြန်လည်ဆုတ်ခွာသွားသော်လည်း အစိုးရစစ်တပ်က KIA တပ်ရင်း ၁၂ နယ်မြေအနီးတစ်ဝိုက် ဆက်လက် လှုပ်ရှားနေဆဲဖြစ်သည်ဟု သိရသည်။

No comments: