Tuesday, January 7, 2014

ဓားဖြင့်ထိုးသတ်သေကြောင်းကြံစည်သူ အူများထွက်သော်လည်း မသေ

ဇော်ဇော်ထွေး



တိုက်ကြီးမြို့တွင် ဇန်န၀ါရီ ၁ ရက် နံနက်က အမျိုးသားတစ်ဦးအူထွက်သည်အထိ မိမိကိုယ်ကို ဓားဖြင့် ထိုးသတ်အဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း တိုက်ကြီးရဲစခန်းမှူးဖြစ်သူ ရဲအုပ်သန်းဦးက မဇ္ဈိမကို ပြောခဲ့ သည်။သို့သော်လည်း အသက်မသေဘဲ ဆေးရုံက ကယ်ဆယ်နိုင်ခဲ့သည်။

ဖြစ်စဉ်မှာ အထက်ပါနေ့ နံနက် ၅ နာရီ ၄၅ အချိန်က မင်္ဂလာရပ်ကွက်၊ မင်္ဂလာ (၄) လမ်း၊ အမှတ်မရှိ နေအိမ်တစ်ခုတွင် နေထိုင်သည့် အောင်အောင် (၃၂)နှစ်က မိမိကိုယ်ကို ဓားဖြင့်ထိုး၍ သေကြောင်းကြံ စည်ခဲ့ခြင်းဖြစ်သည်။

“အကြောင်းရင်းကတော့ အရက်ကြောင်နေလို့ပါ၊ သူ့ကို ဆေးရုံမှာ မေးကြည့်တော့လည်း လူလေးငါး ဆယ်က သူ့ကိုဝိုင်းသတ်နေလို့ သူများအသတ်မခံဘဲ ကိုယ့်ဘာသာကိုယ်သတ်သေတာလို့ ထွက်ဆိုနေ တယ်” ဟုလည်း ရဲအုပ်သန်းဦးက ပြန်လည်ပြောပြခဲ့သည်။

သေကြောင်းကြံစည်ခဲ့သူမှာ တစ်ထွာခန့်ရှိ ဓားဦးချွန် ကြက်သွန်လှီးဓားဖြင့် မိမိကိုယ်မိမိ ပြန်ထိုးခဲ့ခြင်း ဖြစ်ပြီး ဗိုက်တွင်အူထွက်လျက်ရှိသော ဓားဒဏ်ရာလေးချက်ကို တွေ့ရှိခဲ့ရသည်ဟု ဆိုထားသည်။

အဆိုပါသေကြောင်းကြံစည်ခဲ့သူသည် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမရှိတော့ကြောင်းနှင့် ရန်ကုန်ဆေးရုံကြီးသို့ ဆက်လက်တင်ပို့၍ ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ သေကြောင်းကြံစည်သူ အောင်အောင်အား မိမိကိုယ်ကို သေကြောင်းကြံစည်မှုဖြင့် အရေးယူပေးရန် ၎င်းဇနီးဖြစ်သူ၏ ဦးလေးတော်စပ်သူ ဦးအေးမြင့်က အမှုဖွင့်တိုင်တန်းခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ရဲစခန်းက (ပ)၂/၂၀၁၄ ဖြင့်အမှုဖွင့်ပြီး အောင်အောင်ကို ပြစ်မှုပုဒ်မ ၃၀၉ ဖြင့် အရေးယူသွား မည်ဟု ရဲအုပ်သန်းဦးက ပြောပြခဲ့သည်။

No comments: