Tuesday, January 7, 2014

ထိုင်း ဆန္ဒပြပွဲအနီး မြန်မာ တဦး သေနတ်ပစ် ခံရ

သန်းထိုက်ဦး

ဆန္ဒပြမှုတွေ ဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အသက် ၂၀ အရွယ် မြန်မာ အမျိုးသား တယောက် သေနတ်နဲ့ ပစ်ခတ် ခံရပြီး လာမာတိပတီ (Rama Thibodi) ဆေးရုံမှာ ကုသမှုခံ ယူနေတယ်လို့ သိရပါတယ်။

အတိုက်အခံ ခေါင်းဆောင်တွေ ဆန္ဒပြနေတဲ့ Khok Woa မီးပွိုင့် အနီးအနားက မုန့်ဆိုင်တဆိုင်မှာ ဒီနေ့ မနက် ၅ နာရီခွဲလောက် မုန့်လာပို့နေတဲ့ အချိန် အခုလို ပစ်ခတ်ခံရတာ ဖြစ်နိုင်တယ်လို့ နယ်မြေခံ မှုခင်း ရဲတာဝန်ရှိသူ တဦးကို ကိုးကားပြီး krobkruakao သတင်းမှာ ဖော်ပြ ထားပါတယ်။

မှုခင်း ရဲတာဝန်ရှိသူတွေ အနေနဲ့ ပုဂ္ဂိုလ်ရေးအရ အငြိုးထားခြင်း ရှိမရှိ အမြန်ဆုံးစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ မှုခင်းရဲတာဝန်ခံ က ပြောတယ်။ ထိုင်းသတင်းမှာတော့ မည်သူက ပစ်ခတ်ကြောင်း ရေးသားထားခြင်း မရှိပါ။

မုန့်ဆိုင်ပိုင်ရှင်ကလည်း သူ့အနေနဲ့ အငြိုးထားတာ ရှိမရှိတော့ မသိကြောင်း၊ ဒါပေမယ့် မုန့်လာပို့တဲ့ အခါတိုင်း အလုပ်ကြိုးစားတာ တွေ့ရကြောင်း ပြောဆိုပါတယ်။

မြန်မာ အလုပ်သမားရေးရာ သံမှူး ဦးကျော်ကျော်လွင်ကတော့ မြန်မာနိုင်ငံသား တဦး ပစ်ခတ် ခံရတဲ့ သတင်းကို မသိရှိရသေး ဘူးလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက ဆန္ဒပြပွဲတွေမှာ မြန်မာနိုင်ငံသားတွေ မပါဝင်ဖို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ သတိပေး ကြေညာချက် ထုတ်ပြန် ထားပါတယ်။

ဒီနေ့အထိ လက်ရှိထိုင်းအစိုးရ နုတ်ထွက်ပေးရေးအတွက် ဆန္ဒပြမှုတွေ ဆက်လက် ပြုလုပ်နေပြီး နိုင်ငံရေး ပြေလည်မှု ရရှိရေး လမ်းစတော့ မပေါ်သေးပါ။

ဆန္ဒပြမှုတွေကြောင့် ပြီးခဲ့တဲ့ နှစ်က ဆန္ဒပြသူတဦးနဲ့ လုံခြုံရေး ၀န်ထမ်းတဦး သေဆုံးပြီး ၁၄၀ ကျော် ဒဏ်ရာရရှိသွားခဲ့ပါ သေး တယ်။

နိုဝင်ဘာ လဆန်းပိုင်းက စတင်ခဲ့တဲ့ ဆန္ဒပြမှု ပဋိပက္ခတွေဟာ ပြည်ပမှာ တိမ်းရှောင်နေရတဲ့ ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ထိုင်းနိုင်ငံပြန်လာနိုင်ရေး အတွက် လွတ်ငြိမ်း ချမ်းသာခွင့် ဥပဒေကြမ်းကို ညီမတော်စပ်သူ လက်ရှိ ၀န်ကြီးချုပ် ယင့်လပ် က လွှတ်တော်ထဲမှာ အတည်ပြုခဲ့ရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ သက်ဆင်ဟာ ၂၀၀၆ ခုနှစ်က အာဏာသိမ်းခံရပြီး ပြည်ပမှာ ရှောင်တိမ်း နေရတာပါ။

အဲဒီအပြင် မြန်မာပြည်သားတွေနဲ့ ပတ်သက်တဲ့ သတင်းအရ ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက်မြို့မှာလည်း မနေ့ ညပိုင်းက ခိုက်ရန်ဖြစ်ပွားမှုကြောင့် အသက် ၂၅ နှစ်အရွယ် မြန်မာပြည်သား ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။

ပြဿနာ ဖြစ်ပွားရတဲ့ အကြောင်းအရင်းကို ထိုင်းရဲတွေက မသိပေမယ် ဖူးခက်မြို့မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ဈေးပွဲတော်က အပြန် မြန်မာနိုင်ငံသား အချင်ချင်း ဖြစ်ပွားတာ ဖြစ်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြကြပါတယ်။

နိုင်ငံခြားသား ခရီးသွားတွေ အပန်းဖြေရာ ဒေသတခုအဖြစ် နာမည်ကြီးတဲ့ ဖူးခက်မြို့နယ်မှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၇ သောင်း ကနေ ၁ သိန်း အထိရှိတယ်လို့ သိရပါတယ်။

No comments: