Friday, January 24, 2014

လူ ၂၂ ဦးပါ စက်ရုံကြို၊ ပို့ယာဉ် ဆိုင်ကယ်နှင့်တိုက်မိပြီး တိမ်းမှောက်

ဇော်ဇော်ထွေး

လှိုင်သာယာစက်မှုဇုန် (၂) တွင် အထည်ချုပ် အလုပ်သမား ၂၂ ဦး တင်လာသည့် စက်ရုံကြို၊ ပို့ယာဉ် သည် ဆိုင်ကယ်နှင့် ရုတ်တရက် တိုက်မိပြီး တိမ်းမှောက်မှုတစ်ခု ဇန်န၀ါရီ ၂၁ ရက် နံနက် ၆ နာရီခန့်က ဖြစ်ပွားခဲ့သည်။

စက်မှုဇုန် (၂) အတွင်းရှိ မက္ခရာမင်းသားကြီး အောင်ဖြိုးလမ်းအတိုင်း မြောက်မှတောင်သို့ မောင်းနှင်လာသည့် စက်ရုံကြို ပို့ယာဉ်သည် ဦးမိုလမ်းအရောက်တွင် ဦးမိုလမ်းအတိုင်း အရှေ့မှအနောက်သို့ အမျိုး သမီးနှစ်ဦး တင်ဆောင်စီးနင်းလာသည့် ဆိုင်ကယ်ကို အရှိန်မထိန်းနိုင်ဘဲ ၀င်တိုက်မိခဲ့ခြင်း ဖြစ်သည်။

“အရှိန်တော်တော်ပြင်းတယ်။ ဆိုင်ကယ်ကို ကန့်လန့်ဖြတ်တိုက်မိတာ။ ဆိုင်ကယ်လည်း တရွက်တိုက်ပါ သွားပြီး ကားက ဘေးကမြောင်းထဲကို မှောက်သွားတာ”ဟု အခင်းဖြစ်နေရာတွင် ရှိနေသူတစ်ဦးက ပြောပြသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် စက်ရုံကြိုပို့ယာဉ်ဖြစ်သည့် ဒိုင်နာကားမှာ ခေါင်းပိုင်းပျက်စီးသွားပြီး ဆိုင် ကယ်မှာလည်း လုံးဝပျက်စီးသွားပြီး ဆိုင်ကယ်မောင်းနှင်သူမှာ ပွဲချင်းပြီး သေဆုံးသွားသည်။

“လောလောဆယ်တော့ ဆိုင်ကယ်ယာဉ်မောင်းနဲ့ အမျိုးသမီးတစ်ယောက်သေဆုံးသွားတယ်လို့ သိထား ရတယ်။ ကျွန်တော်တို့ စိုးရိမ်တာက ကားအောက်မြောင်းထဲမှာ ပိမိနေတဲ့သူဆက်ရှိမှာပဲ စိုးရိမ်တယ်” ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိလာသော လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိန်စိုးက မဇ္ဈိမကို ပြောပြ သည်။

တိမ်းမှောက်သွားသော စက်ရုံကြိုပို့ ဒိုင်နာယာဉ်မှာ Nandar အထည်ချုပ်စက်ရုံမှ အထည်ချုပ်ဝန်ထမ်း အမျိုးသမီး ၂၂ ဦးကို တင်ဆောင်လာခြင်းဖြစ်သည်။

“ဆိုင်ကယ်မောင်းက ဒီနေရာမှာပဲ ပွဲချင်းပြီးသေသွားတယ်။ သူ့ဆိုင်ကယ်နောက်ပါလာတဲ့ မိန်းကလေး နှစ်ယောက်ထဲက တစ်ယောက်က ဆေးရုံမှာ ဆုံးသွားတယ်” ဟု အခင်းဖြစ်နေရာတွင် ကူညီဆောင်ရွက် ပေးနေသူတစ်ဦးက ပြောသည်။

ထို့ပြင် စက်ရုံကြိုပို့ ယာဉ်ပေါ်တွင်ပါရှိသော စက်ရုံအလုပ်သမများတွင်လည်း ထိခိုက်ဒဏ်ရာ ရရှိသူများ ရှိသည့်အတွက် ဆေးရုံသို့ တင်ပို့ကုသပေးခဲ့သည်။

ထို့နောက် နံနက် ၉ နာရီခွဲကျော် အချိန်တွင် လမ်းဘေးရေမြောင်းအတွင်း တိမ်းမှောက်နေသောကားကို ကားဆွဲယာဉ်ဖြင့် ဆွဲတင်ခဲ့ပြီး ရေမြောင်းအတွင်း ပိမိနေသူများရှိ၊ မရှိ လိုက်လံစစ်ဆေးကြရာတွင် ပိမိနေ သူမရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။

No comments: