Monday, January 27, 2014

ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် ဒေသခံအများပိုင်ကုမ္ပဏီ ၁၂ ခု ပါဝင်မည်

ကေဇူး

ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရာတွင် အများပိုင်ကုမ္ပဏီ ၁၂ ခုနှင့်ဖွဲ့စည်းထား သော အများပိုင်ကုမ္ပဏီများအစုအဖွဲ့က ပါဝင်ဆောင်ရွက်မည်ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန် တင်ဒါ ရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးလှရွှေက မဇ္ဈိမကို ပြောသည်။

ရခိုင်တိုင်းရင်းသား အများစုပါဝင်သော အများပိုင်ကုမ္ပဏီများဖွဲ့စည်းပြီး အဆိုပါအများပိုင်ကုမ္ပဏီ ၁၂ ခုကို အများပိုင်ကုမ္ပဏီများအစုအဖွဲ့ (SEZ Consortium)ဟု အမည်ပေး၍ ထပ်မံစုပေါင်းဖွဲ့စည်းကာ ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။

“ကျွန်တော်တို့ဆီမှာ ငွေအလုံးအရင်း စိုက်ထုတ်နိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေမရှိဘူး။ ဒါကြောင့် အများပိုင်ကုမ္ပဏီအသေးတွေ အရင်ဖွဲ့ပြီးမှ အားလုံးကိုပြန်ပေါင်းတဲ့သဘောပါ”ဟု အများပိုင်ကုမ္ပဏီ များ အစုအဖွဲ့မှ အတွင်းရေးမှူး ဦးတင်အောင်က ပြောသည်။

အများပိုင်ကုမ္ပဏီတစ်ခုလျှင် အမေရိကန်ဒေါ်လာ တစ်သန်းစီ ကနဦး မတည်မည်ဖြစ်ပြီး ကုမ္ပဏီ ၁၂ ခု ပူးပေါင်းဖွဲ့စည်းထားသည့် SEZ Con-sortium တွင် အမေရိကန်ဒေါ်လာ ၁၂ သန်းဖြင့် ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်ဟု သူကဆိုသည်။

“ကျွန်တော်တို့ ပြည်တွင်းနဲ့ ပြည်ပပူးပေါင်းပြီး လုပ်ကြမှာဖြစ်တယ်။ နိုင်ငံတကာက ကုမ္ပဏီသုံးဆယ် ကျော်လောက် ရင်းနှီးမြှုပ်နှံဖို့ လျှောက်ထားတယ်။ တင်ဒါ ရွေးချယ်တဲ့အဖွဲ့က နိုင်ငံခြားကုမ္ပဏီတစ်ခု ကိုရွေးချယ်ပြီး ပြည်တွင်းပြည်ပ ပူးပေါင်းဆောင်ရွက်မှာပါ” ဟု ထာဝရအောင်မြင် အများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျောက်တောင်က မဇ္ဈိမသို့ပြောသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန် မြေဧက တစ်ထောင်ပြုလုပ်လျာထားသတ် မှတ်ပြီး အမေရိကန်ဒေါ်လာသန်း ၄၀၀ ကျော် ကုန်ကျမည်ဖြစ်သည်ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး၏ ပြောခွင့်ရပုဂ်္ဂိုလ်များက ပြောသည်။

ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် ဒေသခံအများပိုင်ကုမ္ပဏီများအစုအဖွဲ့ SEZ Consortium က ၃၆ ရာခိုင်နှုန်း၊ အစိုးရက ၁၅ ရာခိုင်နှုန်းနှင့် ပြည်ပကုမ္ပဏီက ၄၁ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။

အဆိုပါ အထူးစီးပွားရေးဇုန်တွင် အထည်ချုပ်စက်ရုံ၊ သံမဏိစက်ရုံနှင့် စားသောက်ကုန်ထွက်စက်ရုံများ တည်ဆောက်နိုင်ရန်လျာထားပြီး ပြည်တွင်းပြည်ပ ကုန်စည်ကူးသန်းနိုင်ရေးအတွက် ကျောက်ဖြူရေနက် ဆိပ်ကမ်းကိုလည်း တည်ထောင်မည်ဖြစ်သည်။

စီမံကိန်းဖော်ဆောင်နိုင်ရေး လုပ်ငန်းစဉ်များကို ဂျပန်နိုင်ငံကရေးဆွဲလျက်ရှိပြီး ၂၀၁၄ ခုနှစ်တွင်စတင် အကောင်အထည်ဖော်ကာ ၂၀၁၆ ခုနှစ်တွင် ပထမအဆင့်လုပ်ငန်းစဉ်များပြီးစီးရန်မျှော်မှန်းထားသည် ဟု စီမံကိန်းရေးဆွဲနေသည့် JDI (Japan Development Institute) ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြ ထားသည်။

အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ ဒေသခံများ အလုပ်အကိုင်ရရှိရေးအတွက် အဓိကလုပ်ဆောင်ပေးရန် ကျောက်ဖြူဒေသခံများက တောင်းဆိုထားသည်။

No comments: