Monday, January 6, 2014

နိုင်ငံခြား ဝိုင်နှင့် အရက် တရားဝင် တင်သွင်းခွင့်ပြုရန် ဆောင်ရွက်နေဟု စီးပွားကူးသန်း ဝန်ကြီးပြော

ဝင်းကိုကိုလတ်

ဝိုင်နှင့် အရက်များကို ပြည်ပမှ တရားဝင် တင်သွင်းခွင့်ပြုရန် ဆောင်ရွက်နေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဇန်နဝါရီလ ၅ ရက်က မဇ္ဈိမကို ပြောသည်။

ဦးဝင်းမြင့်က “ကျွန်တော်ပေးဖို့ (ဝိုင်နှင့် အရက်ကို တရားဝင်တင်သွင်းခွင့်) လုပ်နေပါတယ်” ဟု အင်းစိန်မြို့နယ်တွင် ကျင်းပသည့် Pro 1 Home Center ဖွင့်ပွဲ အခမ်းအနားအပြီး မဇ္ဈိမ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

ဖွင့်ပွဲအခမ်းအနား တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင် တစ်ချို့ကလည်း ဝိုင်နှင့် အရက်တင်သွင်းခွင့်နှင့် ပတ်သက်၍ လုပ်ဆောင်နေသည်ဟု ပြည်ထောင်စုဝန်ကြီးက ၎င်းတို့အား အသိပေးပြောကြားခဲ့သည်ဟု ထပ်မံအတည်ပြု ပြောကြားသည်။

အဆိုပါ ဝိုင်နှင့် အရက်များအား တင်သွင်းခွင့်ပြုမည့်အချိန်ကို ပြည်ထောင်စုဝန်ကြီးအား မဇ္ဈိမက ထပ်မံမေးမြန်းခဲ့ရာတွင် "အမြန်ဆုံး လုပ်နေပါတယ်” ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၁၉၉ဝနှစ်ခန့်က စတင်ကာ အရက်၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးတင်သွင်းခွင့်များကို ပိတ်ပင်ခဲ့ပြီး ဟိုတယ်နှင့် လေဆိပ် များရှိ အကောက်ခွန်လွတ် ဆိုင်များကိုသာ တင်သွင်းခွင့်ပြုခဲ့သည်။

ပြီးခဲ့သည့် လအနည်းငယ်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့ပါဝင်သည့် မိုဘိုင်းစစ်ဆေးရေး အဖွဲ့က ရန်ကုန်နှင့် မန္တလေးမြို့များရှိ အရက်၊ ဆေလိပ်နှင့် ဆေးရွက်ကြီး၊ ပြင်ဆင်ထားသည့် အေးခဲ အစားအစာများကို တရားဝင်တင်သွင်းခြင်း ဟုတ်၊ မဟုတ် ဝင်ရောက် စစ်ဆေးခဲ့သည်။

No comments: