Monday, January 6, 2014

ပြည်ပမှ တင်သွင်းသည့် ယာဉ်အစီး ၄၀၀ ကျော်အား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်း

မင်းဗညား

သီလဝါ ဆိပ်ကမ်းသို့ လာရောက် ထုတ်ယူခြင်း မရှိသေးသည့် သတ်မှတ်ကာလ ကျော်လွန်သည့် မော်တော်ယာဉ် ၄၀၆ စီးအား လေလံတင် ရောင်းချကာ ပြည်သူ့ဘဏ္ဍာအဖြစ် သတ်မှတ်သွားမည် ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာန ကာကွယ်ရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောသည်။

ပြည်ပနိုင်ငံများမှ မှာယူတင်သွင်းပြီး ရောက်ရှိလာသော မော်တော်များအနက်မှ ယဉ်ပိုင်ရှင်အချို့သည် ၁ နှစ် ကျော်သည်အထိ လာရောက် ထုတ်ယူခြင်းမရှိဘဲ ဆိပ်ကမ်း၌သာ ထားရှိကြရာ အဆိုပါ မော်တော်ယာဉ်များ အနက် ယာဉ်အစီးရေ ၄၀၆ စီးအား လေလံစနစ်ဖြင့် ရောင်းချကာ အစိုးရသို့ ပြည်သူ့ဘဏ္ဍာအဖြစ် ပေးအပ်သွားမည်ဟု ၄င်းကဆိုသည်။

“အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနကို အကြောင်းကြားပြီးသွားပြီ။ ဝန်ကြီးဌာနအနေနဲ့ သယ်ဖို့ ပြင်ဆင်နေတဲ့ အချိန်ပါ။ အဲဒီဌာနကနေ ပြည်သူတွေကို လေလံပြန်ပေးမယ်။ ရလာတဲ့ ငွေတွေကို အစိုးရကိုပေးပြီး ပြည်သူ့ဘဏ္ဍထဲ ထည့်သွားပါမယ်”ဟု ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောသည်။

လာရောက်ထုတ်ယူခြင်းမရှိသည့် ကားများကို နိုင်ငံတကာ စံနှုန်းနှင့်ညီမျှသည့် အခွန်နှုန်းကောက်ခံကာ ဆိပ်ကမ်း၌ပင် လက်ခံထားပေးခြင်း၊ ဖြေလျော့ပေးခြင်းများ လုပ်ခဲ့သော်လည်း သတ်မှတ်ချိန် တနှစ်ကျော်လွန်လာသည့် ကားများကို ယခုကဲ့သို့ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တင်သွင်းသူများသည် ၂၀၁၄ နှစ်ဆန်းပိုင်းတွင် ပြောင်းလဲမည့် ဆိပ်ကမ်းရောက် မော်တော်ယာဉ် အခွန်တန်ဖိုး(CIF) အပြောင်းအလဲကို စောင့်ဆိုင်းခြင်း၊ ကြိုတင်မှာယူ တင်သွင်းမှုများ ပြုလုပ်ပြီးမှ တင်သွင်းခွင့်ပါမစ် လျှောက်ထားမှုများ ပြုလုပ်ခြင်း စသည်တို့ကြောင့် အချိန်ကြာမြင့်ကာ အခွန်နှုန်းထားများ တဖြည်းဖြည်း တက်လာသဖြင့် သတ်မှတ် ကာလအတွင်း မထုတ်ယူနိုင်ကြခြင်း ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိ ပုဂ္ဂိုလ်တဦးက ပြောသည်။

“ပြည်ပကနေ ပုံစံမျိုးစုံနဲ့ အရင်သွင်းလိုက်ကြတယ်။ ဒီဘက်ရောက်လာပြီဆိုမှ ဝယ်လက်ကိုရှာပြီး၊ တွေ့ရင် ဝယ်လက်နာမည်နဲ့ ပါမစ်လျောက်ပြီး ကားကိုလာထုတ်တယ်။ တချို့ကျပြန်တော့ စင်တာဖွင့်တဲ့ စရိတ်ကကြီးတော့ စင်တာမဖွင့်ပဲ၊ ကားတွေကို ဆိပ်ကမ်းမှာ ဒီအတိုင်းထားတယ်။ ဝယ်သူရှိမှ အခွန်ဆောင်ပြီး ဆိပ်ကမ်းက လာထုတ်ပေးတယ်။ ဆိပ်ကမ်းကို သိုလှောင်ရုံလို သတ်မှတ်ပြီး လုပ်ကိုင်နေကြတယ်”ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်၍ ပြောသည်။

ယဉ်ပိုင်ရှင် အချို့သည် ဝယ်လက်မတွေ့မီ ကြိုတင်မှာယူ တင်သွင်းမှုများ ပြုလုပ်ကြသည့်အပြင် သက်ဆိုင်ရာဌာနမှ သတ်မှတ်ထားသည့် မော်ဒယ်အမျိုးအစား ကိုက်ညီမှု မရှိသဖြင့် အကောက်ခွန်ဌာနသို့ သတ်မှတ် ဒဏ်ကြေးများ ပေးဆောင်ရခြင်း၊ အခွန်ငွေ ပေးသွင်းရခြင်းများကြောင့် နောက်ဆုံးတွင် ယာဉ်ထုတ်ယူခြင်း မရှိတော့ဘဲ ဆိပ်ကမ်း၌သာ ထားရှိခဲ့ကြသည်ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သိရသည်။

ယင်းသို့ ထားရှိသည့် ယာဉ်များအနက် ယာဉ်စီးရေ ၂၁၂၃ စီး မှာ ရက်ပေါင်း ၆၀ ကျော်သည့်တိုင် လာရောက် ထုတ်ယူခြင်း မရှိဘဲ၊ ယာဉ်စီးရေ ၄၀၆ စီးမှာ ယခု တနှစ်ကျော်သည့်တိုင် လာရောက်ထုတ်ယူမှု မရှိသဖြင့် ဆိပ်ကမ်းတွင် လက်ခံထားရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“သတ်မှတ်ထားတဲ့ မော်ဒယ်လ်ထက် ၄ နှစ်လောက် ကွာပြီး သွင်းလာတယ်ဆိုရင် ဒဏ်ကြေး ဆောင်ရတယ်။ တဆပေါ့။ CIF က ဒေါ်လာ ၅ ထောင်ဆိုရင် ဒဏ်ကြေးလဲ ၅ ထောင်ပဲ၊ ဒီကြားထဲ ဒီမှာထားတာ ကြာလို့ ပေးရတဲ့ ကြေးရယ်၊ အခွန်ရယ် ဆိုရင် တန်ဖိုးက ပိုများသွားပြီး လာမထုတ်ကြတော့ဘူး။ အဲဒါဆိုရင် သိမ်းဆည်းဖို့ အမိန့်ထုတ် လိုက်ပြီး ပြည်သူ့ဘဏ္ဍအဖြစ် သိမ်းလိုက်တယ်”ဟု အကောက်ခွန် ဦးစီးဌာနမှညွှန်ကြားရေးမှူးက ဆိုသည်။

“လာမယ့်နှစ်မှာ မော်ဒယ်လ် အလိုက် ယာဉ်အိုယာဉ်ဟောင်း လဲလှယ်မှုတွေ လုပ်ရမယ်လို့ အသံတွေ ကြားနေရ သေးတယ်။ ဒါကြောင့် တချို့ဆိုရင် အပ်နှံခွင့် အရင်ဖြစ်လောက်တဲ့ အက္ခရာတန်း ကားတွေကို ဝယ်စုတဲ့ လူတွေလဲ ရှိနေတယ်။ ဆိပ်ကမ်းမှာ ကားရောက်နေပြီး၊ မထုတ်ဘဲ ဒီအတိုင်း ထားတာတွေ ရှိတယ်။”ဟု မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ မော်တော်ကား ဝယ်ယူရောင်းချသူ ကိုထွန်းနိုင်က ပြောသည်။

ပြည်တွင်းသို့ တင်သွင်းလာသော မော်တော်ယာဉ်များကို နိုင်ငံတော်ပိုင် ဆူးလေ ဆိပ်ကမ်းနှင့် ပုဂ္ဂလိကပိုင် ဆိပ်ကမ်းများတွင် ထုတ်ပေးလျက်ရှိပြီး မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ်မှ စတင်ကာ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ကားအစီးရေ ၂၃၁၆၀၈ စီးအား တင်သွင်းခဲ့ရာ၂၂၃၄၁၃ စီးအား ထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။

No comments: