Tuesday, January 14, 2014

လွှတ်တော်အတွင်း ပထမအကြိမ် တပ်မတော်ကိုယ်စားလှယ် အမျိုးသမီး နှစ်ဦးတက်ရောက်

မင်းမင်း

ကာကွယ်ရေးဝန်ကြီးဌာနက လွှတ်တော်သက်တမ်း နှစ်နှစ်ခွဲကျော်အတွင်း ပထမဆုံးအနေဖြင့် အမျိုးသမီး တပ်မတော်သား ကိုယ်စားလှယ်နှစ်ဦးကို ဇန်နဝါရီလ ၁၃ ရက်တွင် စတင်ကျင်းပသည့် ပြည်သူ့လွှတ်တော်၌ ခန့်အပ်လိုက်ပြီဖြစ်သည်။ စစ်တပ်မှ အသစ်ခန့်အပ်လိုက်သည့် အမျိုးသမီးတပ်မတော်သား ကိုယ်စားလှယ်နှစ်ဦးမှာ ဒုတိယ ဗိုလ်မှူးကြီးစိုးစိုးမြင့်နှင့် ဒုတိယဗိုလ်မှူးကြီး စန်းသီတာခင်တို့ဖြစ်သည်။

၎င်းတို့နှစ်ဦးနှင့် ပတ်သက်၍ သိရှိလိုသည်များကို မဇ္ဈိမကမေးမြန်းရာ “ကျွန်မတို့ လေ့လာတုန်းပဲ ရှိပါသေးတယ်။ ပြောဖို့အဆင်သင့် မဖြစ်သေးပါဘူး” ဟုပြောသည်။

ထို့ကြောင့် ယခုကဲ့သို့ တမ်မတော်သားအမျိုးသမီးနှစ်ဦး လွှတ်တော်သို့ရောက်ရှိလာခြင်းနှင့် ပတ်သက်ပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တှို့၏ သဘောထားအမြင်များကို မဇ္ဈိမက စုစည်းဖေါ်ပြလိုက်ပါသည်။


ဗိုလ်ချုပ်ဝေလင်း (ပြည်သူ့လွှတ်တော်၊ တပ်မတော်သား ကိုယ်စားလှယ်)


ပြည်သူ့လွှတ်တော်၊ တပ်မတော်သား ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒီနှစ်ဦးက ဆေးဘက်ဆိုင်ရာ ပါရဂူတွေပါ။ ကျန်းမာရေးနဲ့ ဆိုင်တာတွေ သူတို့ တော်တော် လုပ်နိုင်ပါလိမ့်မယ်။ တစ်ခြားရည်ရွယ်ချက်မရှိပါဘူး။


ဒေါ်ခင်စောဝေ (ပြည်သူ့လွှတ်တော်၊ ရသေ့တောင် မဲဆန္ဒနယ်)

လွှတ်တော်ထဲမှာ အမျိုးသမီးတွေ ၃ဝရာခိုင်နှုန်းပါဝင်ဖို့ ဆွေးနွေးဖူးတယ်။ အဲ့ဒီမှာ တပ်မတော်သား အမတ်တွေကို ကြည့်ပါ။ တစ်ယောက်မှ မရှိဘူးလို့ ကျွန်မပြောတော့ အားလုံးကဝိုင်းရယ်ကြတယ်။ အခုပါလာတာ ကြိုဆိုပါတယ်။ ဒီနှစ်ယောက်မှမဟုတ်ပါဘူး။ အနည်းဆုံး အယောက်နှစ်ဆယ်၊ နှစ်ဆယ့်ငါးယောက်လောက်ဆို ပိုကောင်းတာပေါ့။ အခုဆိုရင် အမျိုးသမီးဗိုလ်လောင်း၊ ဗိုလ်ကြီးတွေပေါ့။ သူတို့ကိုလည်းခေါ်နေပြီ။ အဲ့တော့ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲကျရင် သူတို့လည်းပါဝင်လာနိုင်တာပေါ့။ သူတို့အနေနဲ့လည်း ပြည်သူက မတင်ပေးပေမယ့် ပြည်သူတွေထဲက ဖြစ်လာတဲ့ ကိုယ်စားလှယ်တွေဆိုတော့ နိုင်ငံတော်မှာ လိုအပ်နေတဲ့ အကျိုးတွေ၊ ပြည်သူအကျိုးတွေ လုပ်စေချင်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေလုပ်သလို မေးခွန်းတွေ၊ အဆိုတွေတင်စေချင်တယ်။

ဦးဝင်းမြင့် (ပြည်သူ့လွှတ်တော်၊ ပုသိမ် မဲဆန္ဒနယ်)

အမျိုးသမီး တပ်မတော်သား ဝင်လာတယ်ဆိုတော့ အန်ကယ်တို့ကတော့ ကျားမခွဲခြားမှုမရှိဘူး ဆိုတော့ ဒါတွေကတော့ လက်ခံပါ တယ်။ တတ်နိုင်လို့ရှိရင် အမျိုးသမီးတပ်မတော်သား အမတ် ထည့်ရုံမဟုတ်ဘူး။ အမျိုးသမီးခေါင်းဆောင်ဖြစ်ရင် ပိုတောင်ကောင်းသေးတယ်။ ဒီနှစ်ယောက်က အခုမှ ရောက်လာတာဆိုတော့ ဘာမှန်းမသိသေးဘူး။ အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးကပဲဖြစ်ဖြစ် သူတို့ကတော့ နောက်က တပ်ချုပ်ကြီးရဲ့ သဘောထားပါပဲ။


ဦးဖုန်းမြင့်အောင် (အမျိုးသားလွှတ်တော်၊ ရန်ကုန်တိုင်း မဲဆန္ဒနယ်)

တပ်မတော်သား ကိုယ်စားလှယ်တစ်ယောက်က ပြီးခဲ့တဲ့ အစည်းအဝေးမှာ တွေ့တော့ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာနဲ့ ကာချုပ်နဲ့တွေ့တဲ့အခါမှာ ဂျင်မီကာတာပေးတဲ့ အိုင်ဒီယာလို့ပြောတယ်။ ဒီအိုင်ဒီတာကိုလက်ခံပြီးတော့ တပ်မတော်သား လွှတ်တော် အမတ်တွေကို ရှင်းပြပြီးတော့ အခုလိုမျိုးထည့်လိုက်တာပါ။ တပ်မတော်သား ကိုယ်စားလှယ်မှာက အမျိုးသားတွေချည်းပဲ ဖြစ်နေတာ ကိုး။ အခုလိုမျိုး အမေရိကန်သမ္မတဟောင်းရဲ့ အိုင်ဒီယာကို ကာချုပ်ကလည်း သဘောတူတဲ့အတွက် အခုလိုထည့်တာပါလို့ တပ်မတော် သား ကိုယ်စားလှယ်တစ်ဦးက ပြောတယ်။ သူတို့ကိုလည်း ကာချုပ်က အဲ့အတိုင်းရှင်းပြတယ်လို့ ပြောတယ်။ ကာချုပ်နဲ့ ဂျင်မီကာတာ နဲ့ တွေ့တဲ့အခါမှာ တပ်မတော်သားအမတ်တွေမှာ အမျိုးသမီးတွေပါသင့်တယ် ဆိုလို့ ကာချုပ်က အခုလိုထည့်တာပါ။ အမျိုးသားနဲ့ အမျိုးသမီးမှာ မတူတဲ့ အိုင်ဒီယာတွေရှိတယ်လေ။ အဲတော့ လွှတ်တော်ဆိုတာ အိုင်ဒီယာမတူတဲ့သူတွေ အများကြီးလာရမှာကိုး။ အခုကလည်း နိုင်ငံရေးမှာ အမျိုးသမီးပါဝင်မှုနှုန်းက နည်းနေသေးတယ်။ အခုတပ်မတော်မှာ ပါတယ်ဆိုတာကလည်း နှစ်ယောက်ပဲ ရှိသေးတယ် ဆိုတော့ ပါသည်ဟုဆိုရုံမျှပဲရှိပါသေးတယ်။ ဒီ့ထက်များဖို့လိုပါသေးတယ်။

ဒေါ်ခင်စန်းလှိုင် (ပြည်သူ့လွှတ်တော်၊ ပုလဲမြို့နယ် မဲဆန္ဒနယ်)

အခုလိုဖြစ်လာတာကြိုဆိုပါတယ်။ ဘာကြောင့် ကြိုဆိုသလဲဆိုတော့ လွှတ်တော်ထဲမှာ အမျိုးသမီးတွေများစေချင်တယ်။ လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲမှာလည်း အမျိုးသမီးတွေ ဒီထက်များများ ပါဝင်လာနိုင်အောင်အတွက် အန်တီတို့က ကြိုးစားနေကြတာလေ။ အဲ့တော့ ဒီကိုရောက်လာတဲ့အတွက် ကြိုဆိုပါတယ်။ ဝမ်းလည်းသာတယ် ။ အားလုံးနဲ့တော့ ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် ရှိစေချင်တယ်။
နိုင်ငံတော်ရဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ဒီလိုအမျိုးသမီးတွေ အင်အား တောင့်တောင့်တင်းတင်းနဲ့ ပါဝင်လာဖို့အတွက် မျှော်လင့်ထား ပါတယ်။


ဒေါ်ခင်ဝိုင်းကြည် (အမျိုးသားလွှတ်တော်၊ ရန်ကုန်တိုင်း မဲဆန္ဒနယ်)

ဒါဟာ ကောင်းတဲ့အလားအလာလို့မြင်တဲ့အပြင် ကြိုဆိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လွှတ်တော်ထဲမှာ တပ်မတော်ကဏ္ဍကလည်း သူ့ကဏ္ဍနဲ့သူ ပြောစရာရှိတာပြောမယ်၊ ဆိုစရာရှိလာတဲ့အခါ အမျိုးသားရဲ့ အမြင်နဲ့ အမျိုးသမီးရဲ့ အမြင်ကတော့ကွဲလွဲမှာပဲလေ။ အဲ့ကျတော့ ပြည့်စုံတဲ့အခြေအနေတစ်ခုကို ပိုပြီးတော့ နီးစပ်သွား တယ်လို့ အဲ့လိုမြင်တယ်။

ဒေါက်တာဗညားအောင်မိုး (အမျိုးသားလွှတ်တော်၊ မွန်ပြည်နယ် မဲဆန္ဒနယ်)

ဒါကကောင်းပါတယ်။ ဘာလို့လည်းဆိုတော့ တပ်မတော်မှာ အမျိုးသမီးတွေလည်း ပါလာတယ်ဆိုတဲ့ အသိစိတ်ဓာတ်လည်းပေါ်လာအောင်၊နောက်တစ်ခုက တပ်မတော်မှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့လည်း စဉ်းစားလာအောင် ပြည်သူတွေကို အခြားလွှတ်တော်ကိုယ်စားလှယ်တွေကို ဒါသွေးထိုးလှုံ့ဆော်ပေးတဲ့ သဘောမျိုး၊ စဉ်းစားဖြစ်လာအောင် အားပေးတဲ့သဘောမျိုးဖြစ်ပါတယ်။ အကြံကောင်းဥာဏ်ကောင်းလည်း ရနိုင်တယ်လို့ မျှော်လင့်တယ်။

ဦးပေါ်လျံလွင် (အမျိုးသားလွှတ်တော်၊ ချင်းပြည်နယ် မဲဆန္ဒနယ်)

အမျိုးသမီးအခွင့်အရေးကလည်း တစ်ချို့နိုင်ငံမှာဆိုရင် သုံးဆယ်ရာခိုင်နှုန်း တက်လာသင့်ပြီလို့ ဆိုတဲ့အချိန်မှာ အခုလိုတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမျိုးသမီးတွေခန့်ထားတာ သဘာဝကျပါတယ်လို့ ထောက်ခံပါတယ်။

No comments: