Tuesday, January 14, 2014

လက်နက်ကြီးငယ်ဖြင့် ကျေးရွာဘက် ပစ်ခတ်မှု ရှောင်ရှားပေးရန် ရွာသားများ တောင်းဆို

သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲအတွင်း ကျေးလက်ရွာများအပေါ် လက်နက်ကြီးငယ်ဖြင့် ဦးတည်ပစ်ခတ်ခြိမ်းခြောက်မှု ရှောင်ရှားပေးပါရန် မိုင်းငေါ့ ဒေသခံ များက ပြောသည်။

၂၀၁၄ ဂျန္နဝါရီလ အစောပိုင်းကစ၍ မိုင်းငေါ့မြို့နယ်ခွဲအတွင်း အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အကြိမ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နှစ်ဘက်တင်းမာနေသော အနေအထားကြောင့် ကျေးရွာဘက်သို့ လက်နက်ကြီး လက်နက်ငယ်ဖြင့် ဦးတည်ပစ်ခတ် ခြင်းဖြစ်ကြောင်း ရပ်မိရပ်ဖများကပြော သည်။

“ ၁၀ ရက်နေ့တုန်းက လက်နက်ကြီးနဲ့ ဝမ့်ပင့်ရွာ (မိုင်းငေါ့မြို့ အနောက်ဘက် သုံးမိုင်ခန့်) ကို လက်နက် ကြီးနဲ့ လှမ်းထုတယ်။ ကံကောင်းလို့ မပေါက်တာ။ ပေါက်ကွဲရင် တအိမ်လုံးသေ၊ တအိမ်လုံးမီးလောင် ပြာ ကျသွားနိုင်တယ်။ အခု အဲဒါတွေ မရှိဖို့ စစ်ရှိန်လျှော့ချပေးဖို့ လူကြီး တွေက ကျောက်မဲကိုတက်ပြီး ပြောတယ်” - ဟု ဒေသခံ ဝန်ထမ်း အသိုင်းအဝိုင်းက ပြောသည်။

မည်သည့်အဖွဲ့မှ ပစ်ခတ်ကြောင်းကို မပေါက်ကွဲသည့် လက်နက်ကြီးကျည်ဆံအားကြည့်ခြင်း အားဖြင့် ကျွမ်းကျင်သူများက လွယ်လွယ်ကူကူသိနိုင်မည်ကြောင်း အဆိုပါပုဂ္ဂိုလ်ကပြောသည်။

ထို့အတူယမန်နေ့ (၁၂ ရက် ည) တွင်လည်း မိုင်းငေါ့မြိုအနီး ရန်ကင်းတောင်ဘက်မှလည်း လက်နက်ကြီးငယ် သုံးကြိမ်ပစ်ခတ်သောကြောင့် လူထုထိပ်လန့်ခဲ့ကြောင်း မိုင်းငေါ့မြို့ခံက ပြောသည်။

“မနေ့ည ၈ ခွဲမှာ တကြိမ်၊ ည ၁၀.၂၅ မှ တကြိမ် နဲ့ ဒီမနက် ၃.၁၇ မိနစ်မှာလဲ ထပ်ပစ်သေး တယ်။ မိုးပေါ်ထောင်ပစ်ပေမယ့် သေနတ်သံတွေကြောင့် မအိပ်ရဲဘူး။ ကျီးလန့်စာစားတဲ့ ဘ၀ ဖြစ်နေပြီ။ အခုလူထုက တအားကိုထိပ်လန့်နေတယ်” - ဟု ကပြောသည်။

မိုင်းငေါ့မြို့ နှင့်အနီးဝန်းကျင်ကျေးရွာ ဘက်တွင် အစိုးရစစ်ကြောင်းများသာရှိကြောင်း၊ တိုင်းရင်းသား တပ်ဖွဲ့များမှာမူ ကျေးရွာအပြင်ဘက် တောနက်ပိုင်းဘက် အကုန်ပြောင်းရွှေ့ နေရာယူထားကြောင်း၊ နှစ် ဘက်တပ်အင်အား အပြိုင်ဖြည့်နေမှုကြောင့် စစ်ရှိန်မလျှော့ နိုင်သေးဘဲ တိုက်ပွဲဆက်လက်ဖြစ် ပွားလာမည်ကို အထူးစိုးရိမ်သည်ဟု ပြောပါသည်။

No comments: