Thursday, January 23, 2014

အစိုးရ၏ အနာဂတ်ရေအားလျှပ်စစ်စီမံကိန်းတွင် မြစ်ဆုံစီမံကိန်း ဆိုင်းငံ့အဖြစ် ဆက်လက်ပါဝင်

စိုးသန်းလင်း၊ မင်းမင်း

အစိုးရ၏ အနာဂတ်ရေအားလျှပ်စစ် စီမံကိန်းတွင် နယ်ပယ်အသီးသီးမှ ပြည်သူများ၏ ကန့်ကွက်မှုများ ကြောင့် ရပ်ဆိုင်းထားခဲ့ရသည့် မြစ်ဆုံစီမံကိန်း ဆက်လက်ပါဝင်နေသည်ကို လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ဒုတိယ၀န်ကြီး ဦးမော်သာထွေး၏ ဇန်န၀ါရီ ၂၁ ရက် ပြည်ထောင်စုလွှတ်တော်အတွင်း ရှင်းလင်း ပြောဆိုမှုတွင် တွေ့ရသည်။

လွှတ်တော်အမတ်များသို့ ဖြန့်ဝေထားသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ လျှပ်စစ်စွမ်းအင်ထုတ်လုပ် ရန် လျာထားသည့် အစီအစဉ်ဇယားတွင် ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားသည့် စီမံကိန်းများ ခေါင်း စဉ်၏အောက်တွင် မြစ်ဆုံဆည်တည်ဆောက်မှုစီမံကိန်းကို ဆိုင်းငံ့အနေဖြင့် ဖော်ပြထားခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားလွှတ်တော်အမတ် ဦးမျိုး မြင့်တင်သွင်းသည့် “မြန်မာနိုင်ငံ၏ လက်ရှိအနာဂတ် လျှပ်စစ်လိုအပ်ချက်အတွက် အဓိကအားထားရ မည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ရေအားလျှပ်စစ်ကဏ္ဍကို ကာလတို/ကာလရှည် စီမံချက်များဖြင့် စီမံ ကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းသည့် အရေးကြီးအဆို”ကို လျှပ်စစ်စွမ်းအား ဒု-၀န်ကြီးက ပြန်လည်ရှင်းလင်းစဉ် ယင်းသို့ ပါဝင်ခြင်းဖြစ်သည်။

ပုဂ္ဂလိကပိုင် B.O.T စီမံကိန်း တစ်ခု၊ ဖက်စပ်ပိုင်စီမံကိန်း သုံးခု၊ MOA လက်မှတ်ရေးပြီးစီမံကိန်း ၂၁ ခု၊ MOU လက်မှတ်ထိုးပြီး စူးစမ်းလေ့လာဆဲ စီမံကိန်း ၁၅ ခုနှင့် MOU ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိ သော စီမံကိန်းငါးခုတို့ဖြစ်ကာ စုစုပေါင်း စီမံကိန်း ၄၅ ခု ရှိနေသည်ဆိုသည်။

“လျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ရေးအတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ စနစ်တကျပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားပါမည်”ဟု ဦးမော်သာထွေးက ပြောသည်။

မြစ်ဆုံစီမံကိန်းဆောင်ရွက်ရန် ယခင်အစိုးရလက်ထက်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး လက်ရှိ ဦးသိန်းစိန်က ၎င်း၏သမ္မတငါးနှစ်သက်တမ်းအတွင်း လုပ်ငန်းဆောင်ရွက်မှုများ ရပ်ဆိုင်းထားရန် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်တွင် ဆုံးဖြတ်ခဲ့သည်။ ၎င်းသည် စစ်အစိုးရလက်ထက်တွင် ၀န်ကြီးချုပ် တာဝန်အထိ ထမ်းဆောင်ဖူးသူလည်းဖြစ်သည်။

မဂ္ဂါဝပ် ၆,၀၀၀ ထုတ်လွှတ်နိုင်မည့် မြစ်ဆုံစီမံကိန်းကို ၂၀၀၇ ခုနှစ်မှစတင်၍ အမှတ် (၁) လျှပ်စစ်ဝန် ကြီးဌာန၊CPI ကုမ္ပဏီနှင့် အေရှားဝေါလ်ကုမ္ပဏီများက တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အစိုးရ အနေဖြင့် လာမည့် ၂၀၃၀-၃၁ ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ်စီမံကိန်းများမှ တပ်ဆင်စက်အင်အား မဂ္ဂါဝပ် ၂၄,၉၈၁ ရရန် မျှော်မှန်းထားခြင်း ဖြစ်သည်။

No comments: