Thursday, January 9, 2014

ဒေါ်အောင်ဆန်းစုကြည် ဇန်န၀ါရီ ဒုတိယပတ်အတွင်း ရှမ်းနှင့် ကရင်ပြည်နယ်များသို့ သွားမည်

ဂျွန်ချစ်ငြိမ်း၊ ဟိန်းကိုစိုး

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုတွေ့ဆုံပွဲများ ပြုလုပ်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းနှင့် ကရင်ပြည်နယ်များသို့ ဇန်န၀ါရီလအတွင်း သွားရောက်မည် ဖြစ်သည်ဟု သက်ဆိုင်ရာဒေသများတွင် ပါတီစည်းရုံးရေး တာဝန်ယူထားသည့် ဗဟိုအလုပ်အမှုဆောင် များက ဇန်န၀ါရီ ၇ ရက်တွင် မဇ္ဈိမကို အတည်ပြုပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ်တောင်ပိုင်း ခရီးစဉ်အတွင်း နမ့်စန်၊ လင်းခေး၊ မိုးနဲမြို့များသို့ သွားရောက်မည်ဖြစ်သည်ဟု တောင်ကြီးခရိုင် NLD ဥက္ကဋ္ဌ ဦးတင်မောင်တိုး ပြောသည်။ “အစောပိုင်းက အန်တီ ကျန်းမာရေးအခြေအနေတွေအရ ခရီးစဉ်ပျက်မလို ဖြစ်ပါသေးတယ်။ ခုတော့ မပျက်တော့ပါဘူး မူလလာမယ့်ရက်ကိုပဲ ရွှေ့ဆိုင်းလိုက်တာပါ”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကရင်ပြည်နယ်၊ ဘားအံမြို့သို့ ဇန်န၀ါရီ ၁၈ ရက်တွင် ရောက်ရှိမည်ဖြစ်ပြီး ဘားအံနှင့် လှိုင်းဘွဲ့ကြားရှိ ကပ်ဘလူကျေးရွာသို့ ဇန်န၀ါရီ ၁၉ ရက်တွင် သွားရောက်ရန်စီစဉ်ထားသည် ဟု NLD ကရင်ပြည်နယ် စည်းရုံးရေးတာဝန်ခံ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါခရီးစဉ်အပြီး နေပြည်တော်သို့ပြန်၍ ဇန်န၀ါရီ ၂၀ မှ ၂၄ ရက်အထိ လွှတ်တော်အစည်းအဝေးများ တက်ရောက်မည်ဖြစ်ကာ ရုံးပိတ်ရက်ပြန်စသည့် ဇန်န၀ါရီ ၂၅ ၊၂၆ ရက် များတွင် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်၊ မိုးနဲနှင့် လင်းခေးမြို့များသို့ သွားရောက်မည်ဖြစ်ကာ ခရီးစဉ် တွင် လူထုတွေ့ဆုံဟောပြောပွဲများကိုလည်း သုံးမြို့လုံးတွင် ပြုလုပ်သွားမည်ဖြစ်သည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၆ ရက်မှ ၁၀ ရက်အထိ ချင်းပြည်နယ်ခရီးစဉ် သွားရောက်နေပြီး ၂၀၁၄ ခုနှစ်အတွင်း ပြည်နယ်နှင့်တိုင်းအနှံ့ ခရီးစဉ်များသွားရောက်ရန် စီစဉ်ထားသည်ဟု NLD တာဝန်ရှိသူများက ပြောသည်။

No comments: