Thursday, January 9, 2014

ကချင်ပြည်တောင်ပိုင်း အစိုးရ တပ်အချို့ နောက်တစ်ကြိမ် ပြန်လည် ဆုတ်ခွာ

KNG

ကချင်ပြည်နယ် တောင်ပိုင်းတွင် လွန်ခဲ့သည့် ၂ ရက်က တိုက်ပွဲ ဖြစ်ပွားခဲ့သော အစိုးရ တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာသွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပြောသည်။

ဇန်န၀ါရီလ ၆ ရက်နေ့က တိုက်ပွဲ ဖြစ်ခဲ့ပြီး အထိအခိုက် အဆုံးအရှုံးများခဲ့သည့် တပ်ရင်းမှူး ကျော်သူရ ဦးဆောင်သည့် ခလရ ၅၆ စစ်ကြောင်းသည် ယမန်နေ့ ညနေ၂ နာရီချိန်တွင် အခြေပြုရာ မုန်းဒိန်ပါရွာမှ တပ်ဆုတ်ပြီဖြစ်ကြောင်းသိရသည်။

မုန်းဒိန်ပါ ရွာနှင့် အနီး တပ်စခန်းများမှ အစိုးရတပ်ဖွဲ့များသည် ဒီဇင်ဘာ ၂၈ ရက်က အပစ်ရပ်ဆွေးနွေးပွဲ သဘောတူညီချက်ကို အကောင်အထည်ဖော်သည်ဆိုကာ တပ်ရုတ်သိမ်းသွားပြီး ရက်ပိုင်းအတွင်း ပြန်လည် နေရာယူ အားဖြည့်သည့် နောက်ပိုင်းတွင် KIA နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စစ်အင်အား ၇၀ ရှိသည့် ၎င်းစစ်ကြောင်းသည် တိုက်ပွဲဖြစ်ပွားပြီးနောက် ယနေ့ညနေတွင် အင်အား ၅၅ ဦး သံတံတား-မန်သာ ဘက်သို့ တပ်ဆုတ်သွားခြင်းဖြစ်ကြောင်း တပ်ရင်း ၁၂ ဗိုလ်မှူး လဘန်ဂျွန်းအောင် KNG ကချင်သတင်းဌာန သို့ပြောသည်။

ယင်းတပ်ဖွဲ့သည် စခက ၂၁ (ဗန်းမော်) အောက် စစ်ဆင်ရေး လှုပ်ရှားတပ်ဖွဲ့ဖြစ်ပြီး ပြန်လည်ဆုတ်ခွာရာတွင် ချိုင်းထောက်နှင့် ၁ ဦးပါပြီး ဒဏ်ရာပြင်းထန်သူ ၂ ယောက်ကို သယ်ပြီး တပ်ဆုတ်သွားခြင်း ဖြစ်သည်ဟု KIA က ပြောသည်။

တပ်ရင်း ၅၆ မှ တပ်သား ၁၅ ဦး ပျောက်ဆုံးနေပြီး တချို့သည်တိုက်ပွဲတွင် ကျဆုံးခဲ့ပြီး အချို့မှာ ထွက်ပြေးသွားခြင်း ဖြစ်သဖြင့် ၎င်းတို့ကို KIA မှ ဖမ်းဆီးမိပါက ခလရ ၅၆ တပ်ရင်းမှူးထံပြန်လည် အပ်နှံရန် KIA တပ်ရင်း ၁၂ အား ပြောကြားခဲ့ကြောင်းသိရသည်။

ယခုချိန် မုန်းဒိန်ပါရွာတွင် အစိုးရတပ် ခြေမြန်တပ်ရင်း ခမရ ၄၃၈ တပ်ဖွဲ့မှ စစ်အင်အား ၁၀၀ ကျော်ရှိနေဆဲဖြစ်ပြီး ၎င်းတို့သည် ဖမ်းဆီးထားသည့် သစ်များသယ်ယူပြီးလျှင် တပ်ဆုတ်သွားမည်ဟု ပြောကြောင်းသိရသည်။

No comments: