Tuesday, January 14, 2014

စစ်တပ်သိမ်းယူခဲ့သော ရွာပိုင်သင်္ချိုင်းနှင့် လယ်ယာခြံများ ပြန်လည်တောင်းဆိုနေ

နေထူး

စစ်တပ်မှမတရားသိမ်းယူခဲ့သော လွိုင်ကော်မြို့နယ် လွယ်တမူကျေးရွာပိုင် သင်္ချိုင်းနှင့်ခြံမြေများပြန်လှည်ရရှိရန် ဒေသခံရွာသားများမှ သက်ဆိုင်ရာအာဏာပိုင်များထံသို့ တောင်းဆိုထားသော်လည်း ယနေ့ထိ တစုံတရာ အကြောင်းပြန်ကြားချက်မရှိကြောင်း ယမန်နေ့က ရွာသားများ ကန္တာရ၀တီတိုင်း(မ်)သို့ ပြောကြားသည်။

“သင်္ချိုင်းကုန်းအပေါ်တည့်တည့် ဘိုကျော်သိန်းခြံ ပေ ၅၀၀ အထိကိုတောင်နဲ့မြောက်တည့်တည့် ယူသွားဖို့ပြောထားတာပေါ့နော၊ ဒါပေမဲ့အခု တပ်မတော်ကသိမ်း ထားတော့ ဒီသင်္ချိုင်းကုန်း ဧရိယာပါသွားတော့ သင်္ချိုင်းကုန်းမြေပြန်ရပြီ နောက်အဲ့ဒီတည့်တည့် ဘိုကျော်သိန်းခြံ အရှေ့ ပေ ၅၀၀ တည့်တည့်ရပြီဆိုရင် ကျနော်တို့ကျေနပ်ပါတယ်” ဟု မြေသိမ်းဆီးခံရသူ ဦးလွီးဇီကပြောသည်။

ဦးလွီးဇီနှင့်အတူ မြေသိမ်းဆီးခံရသော လွယ်တမူကျေးရွာသား ၇၂ ဦးတို့မှ မြေဧက ၂၀၀ အပါအ၀င် သင်္ချိုင်းမြေကိုပါ ပြန်လည်ရရှိရေးအတွက် ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်မြေစာရင်းဦးစီးမှူးရုံး၊ မြို့နယ်မြေစာရင်း ဦးစီးမှူးရုံး၊ လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင် အပါအ၀င် သက်ဆိုင်ရာ နေရာဆယ်နေရာအား အောက်တိုဘာ ၁၅ရက်၊ ၂၀၁၃ခုနှစ်ကတည်းက စာတင်၍တောင်းဆိုထားခဲ့ခြင်းဖြစ်သည်။

လွယ်တမူကျေးရွာ၏ အရှေ့ဘက် ပကျဲရွာအဟောင်းထိ၊ အနောက်ဘက်တွင် ထောပလော်ခူအထိ၊ တောင်ဘက်တွင် လေယဉ် ကွင်းအထိ၊ မြောက်ဘက်တွင် ပဒါးညေးရွာအထိရှိသော ဧက၂၀၀ရှိသည့် ခြံမြေများနှင့် သင်္ချိုင်းမြေကို ခလရ ၂၅၀နှင့် ခလရ ၂၆၁တပ်ရင်းအတွက် ၁၉၉၁ ခုနှစ်က နိုင်ငံတော်မှ သိမ်းယူလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

သိမ်းဆည်းထားခဲ့သောခြံမြေအချို့ကို၂၀၀၆ခုနှစ်က စကခ-၇မှ ပေ ၁၅၀ပတ်လည်အကွက်များ ရိုက်ပြီး ရဲဘော်များအားပြန်လည်ချပေးခဲ့သည်ဟု အမည်မဖေါ်လိုသည့် လွယ်တမူရွာသားတဦးကပြောသည်။

“ကျနော်တို့လုပ်ကိုင်စားသောက်ဖို့မြေတွေနဲ့ သင်္ချိုင်းမြေပါအသိမ်းခံရတော့ ကျနော်တို့လုပ်ကိုင်စားသောက်ဖို့ မြေနေရာ မရှိတော့သလို ရွာသားတစ်ဦးဦး သေသွားရင် မြုပ်စရာနေရာမရှိတော့တဲ့အတွက် ဒုက္ခတအားရောက်တယ်” ဟုအဆိုပါရွာသားက ဆက်ပြောသည်။

စိုက်ပျိုးစရာမြေကွက်မရှိသော ရွာသားအချို့မှာ သိမ်းဆည်းခံထားရသော မြေယာများတွင် တကွက်ကို တနှစ်ကျပ်ငွေ ၅၀၀၀ နှုန်းဖြင့်ပြန်လည်ငှားရမ်းစိုက်ပျိုးနေရသည်ဟု ဆိုသည်။

သိမ်းဆည်းမြေများပြန်လှည်ရရှိရန် သက်ဆိုင်ရာအာဏာပိုင်များထံ စာတင်၍ တောင်းဆိုထားခြင်းအပေါ် ထူးခြားသည့် အကြောင်းပြန်ကြားချက်များ သိရှိနိုင်ရန် ကန္တာရ၀တီတိုင်း(မ်)မှ စုံစမ်းလျက်ရှိနေပါသည်။

No comments: