Monday, January 13, 2014

ဒေါ်လာနှစ်သန်းတန် ငွေကြေးအရှုပ်တော်ပုံရှိနေသော်လည်း ပြည်ပသို့ပဲတင်ပို့မှု ပုံမှန်လည်ပတ်နေ

သီဟကိုကို

အိနိ္ဒယအခြေစိုက်ကုမ္ပဏီ ၁၁ ခုနှင့် ငွေကြေးအရှုပ်တော်ပုံဖြစ်နေသော်လည်း ပြည်ပသို့တင်ပို့သည့် မြန်မာ့ ပဲမျိုးစုံဈေးကွက်တွင် ဈေးနှုန်းနှင့်ဝယ်လိုအားတို့သည် ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေဆဲ ဖြစ်သည်ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမြတ် စိုးက မဇ္ဈိမသို့ ဇန်န၀ါရီ ၁၂ ရက်တွင်ပြောကြားသည်။

ပဲမျိုးစုံ ပြည်ပသို့တင်ပို့သည့် မြန်မာကုမ္ပဏီဖြစ်သော Great Light ကုမ္ပဏီသည် မြန်မာ့ပဲပို့ကုန်၏ ၈၀ ရာခိုင်နှုန်းအားဝယ်ယူနေသောအိနိ္ဒယရှိ ကုမ္ပဏီကြီး ၁၁ ခုထံမှ ပဲမျိုးစုံတင်ပို့ရန် ကန်ဒေါ်လာနှစ်သန်း ကျော်ရယူထားသော်လည်း တင်ပို့ခြင်းမရှိသဖြင့် ပြီးခဲ့သည့် ၂၀၁၃ဒီဇင်ဘာလတွင် တိုင်ကြားမှုဖြစ်ပွား ခဲ့ရာ ယင်းနှင့်စပ်လျဉ်း၍ စီးပွား/ကူးသန်းနှင့် UMFCCI တို့အား တိုင်ကြားထားသည်။

ဒေါက်တာမြတ်စိုးက “အခုဖြစ်နေတာက မြန်မာဘက်ကကုမ္ပဏီနဲ့ ပြည်ပကုမ္ပဏီဖြစ်ကြတာပါ။ ဈေးကွက်အပေါ်မှာတော့ ကြီးကြီးမားမား ပြောင်းလဲသွားနိုင်တာမျိုးမရှိနိုင်ပါဘူး။ ဈေးနှုန်းအရလည်း ပဲ ဈေးကောင်းနေတုန်းပဲ။ ၀ယ်လိုအား ကောင်းနေတုန်းပဲ။ ဒီနှစ်အိနိ္ဒယမှာ ပဲအထွက်နှုန်းလျော့လို့ မတ်လ လောက်အထိဒီဈေးနဲ့ပဲ ဆက်ကောင်းမယ်လို့ ထင်တယ်” ဟု မဇိ္ဈမသို့ပြောသည်။

သို့ရာတွင် အိနိ္ဒယနိုင်ငံသည် မြန်မာနိုင်ငံမှတင်ပို့သည်ပဲမျိုးစုံ၏ ၈၀ ရာခိုင်နှုန်းအားဝယ်ယူနေသော နိုင်ငံဖြစ်သည့်အတွက် အဆိုပါနိုင်ငံရှိ ပဲတင်သွင်းသော ကုမ္ပဏီအများစုနှင့် ငွေကြေးအရှုပ်အရှင်း ဖြစ်ပေါ် ခြင်းသည် ရေရှည်တွင်ပစ္စည်းမပို့ခင်ငွေကြိုတင်တောင်းခံသော မြန်မာကုမ္ပဏီများအပေါ် ပြည်ပလုပ် ငန်းရှင်များဘက်မှ ယုံကြည်မှုကျဆင်းဖွယ်ရာကိစ္စရပ်များ ပေါ်ပေါက်လာနိုင်သည်ဟု မြန်မာနိုင်ငံ ပဲမျိုး စုံနှင့်နှမ်းကုန်သည်များအသင်း၊ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းဘဉဏ်က မဇ္ဈိမသို့ ပြောကြားသည်။

ဦးစိုင်းဘဉဏ်က “ပဲအရောင်းအ၀ယ်လုပ်တဲ့ အိနိ္ဒယကုမ္ပဏီကြီး ၁၅ ခုလောက်မှာ အခုပြဿနာဖြစ်နေ တဲ့ကုမ္ပဏီ ၁၁ ခုကပါနေတယ်။ ဒီလိုမျိုးတွေဖြစ်နေရင်တော့ နောက်ပိုင်းဆိုရင် ငွေကြိုပေးပြီးမှ သင်္ဘော တင်တာတွေကို သူတို့ဘက်က လုပ်ချင်မှလုပ်တော့မယ်။ သင်္ဘောတင်ပြီးမှပဲ ငွေပေးတာမျိုးတွေကို လုပ်လာနိုင်တယ်။ ဒီလိုတွေဖြစ်လာရင် ဒီဘက်က ကုန်သည်တွေလည်း ပြည်ပတင်ပို့ရာမှာ လက်ထဲမှာ ငွေသိပ်မရှိတော့ အခက်အခဲတွေ ဖြစ်လာနိုင်တယ်။ ဈေးနှုန်းကတော့ အပြောင်းအလဲသိပ်မရှိနိုင်ဘူး။ ရောင်းလိုအားနဲ့ ၀ယ်လိုအားအရတော့ ဈေးတန်းတစ်ခုကတော့ ရှိနေမှာပဲ” ဟု ပြောသည်။

ငွေကြေးအရှုပ်အရှင်းများကြောင့် ၀ယ်လိုအားကျဆင်းလာပါက ဈေးနှုန်းပါလိုက်ပါကျဆင်းသွားနိုင်သည် ဟု သုံးသပ်မှုများရှိသော်လည်း အိနိ္ဒယ၏ ပဲလိုအပ်ချက်မြင့်မားမှုကြောင့် အရောင်းအ၀ယ်အပေါ် ထိခိုက် မှုမရှိနိုင်ဟုလည်း ပဲကုန်သည်ကြီးများကသုံးသပ်လျက်ရှိသည်။

အိနိ္ဒယနိုင်ငံသည် ကမ္ဘာပေါ်တွင် ပဲမျိုးစုံဝယ်ယူမှုအများဆုံးနိုင်ငံဖြစ်ကာ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ပဲမျိုးစုံတင်ပို့ ရောင်းချမှု ဒုတိယအများဆုံးနိုင်ငံဖြစ်သည့်အပြင် ပဲမျိုးစုံသည် မြန်မာ့ပုဂ္ဂလိကကဏ္ဍပို့ကုန် များအနက် ၀င်ငွေထိပ်တန်းရရှိသော ပို့ကုန်အမယ်တစ်ခုဖြစ်သည်။

No comments: