Friday, January 3, 2014

ဂျာမနီက မြန်မာတွင် မီးရထားနှင့် လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ကိုင်ရန် စိတ်ဝင်စား

ဇော်ထိုက်

ဂျာမနီကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် မီးရထားပြေးဆွဲခြင်းနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး အပါ အ၀င် အခြေခံအဆောက်အအုံကဏ္ဍ ၀န်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရန် စိတ်ဝင်စားနေကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ထို့အပြင် ဂျာမန်စီးပွားရေးလုပ်ငန်းများအနေဖြင့် လူသုံးကုန်နှင့်မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းတို့ ကိုပါ မြန်မာနိုင်ငံတွင် ပြုလုပ်ရန်စိတ်ဝင်စားမှုများရှိနေပြီး ၂၀၁၂ ခုနှစ်တွင် ဂျာမန်နိုင်ငံခြားရေးဝန်ကြီွးGuido Westerwelles ၏ မြန်မာခရီးစဉ်အတွင်းရရှိခဲ့သော သဘောတူညီမှုများ၏ ရလဒ်အဖြစ် ၂၀၁၃ ခုနှစ်အတွင်း၌ ဂျာမနီနှင့် မြန်မာနှစ်နိုင်ငံစီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ သိသာစွာပေါ်ထွက် လာကြောင်း ယင်းသတင်းတွင် ဆက်လက်ဖော်ပြထားသည်။

အထက်ပါကဲ့သို့ EU အဖွဲ့ဝင်နိုင်ငံများ၏ မြန်မာနိုင်ငံသို့ရင်းနှီးမြှုပ်နှံမှုများ လာရောက်ပြုလုပ်နိုင်ခြင်းနှင့် စပ်လျဉ်းကာ European Commissionner for Trade (ဥရောပသမဂ္ဂကုန်သွယ်ရေးမဟာမင်းကြီး)Karel De Gucht က ၂၀၁၄ တွင် ထိရောက်စွာဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း ဒီဇင်ဘာ ၅ ရက်တွင် WTO ၏ 9th Ministerial Conference အတွင်း၌ မဇ္ဈိမသို့ ပြောကြားခဲ့သည်။

ယင်းက “လတ်တလောအားဖြင့်တော့ EU နိုင်ငံတွေအနေနဲ့(အဖွဲ့ဝင်၂၇နိုင်ငံ) မြန်မာနိုင်ငံမှာ ရင်းနှီးြုမှုပ်နှံမှုတွေ ပြုလုပ်နိုင်ရေးအတွက် သဘောတူညီချက်တွေအတွက် ညှိနှိုင်းမှုတွေလာရောက်ပြုလုပ်ဖို့ အလေးအနက် စဉ်းစားဆောင်ရွက်နေကြပါတယ်။ အခုချိန်မှာ Trade Council ဆီကနေခွင့်ပြုချက်ရဖို့ လိုတဲ့အတွက် စောင့်နေပါတယ်” ဟု ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံအနေဖြင့် EU အဖွဲ့ဝင်များအနက် ပထမဆုံးအဖြစ် မြန်မာနိုင်ငံတွင် ကုန်သွယ်မှုကိုယ်စား လှယ်ရုံး လာရောက်ဖွင့်လှစ်မည်ဖြစ်ကာ SMEs (အသေးစား နှင့်အလတ်စားလုပ်ငန်းများ)ဥပဒေမူကြမ်း အပြီးသတ်ရေးဆွဲရေးကိုလည်း အထောက်အပံ့ပေးနိုင်မည်ဖြစ်ကြောင်း ဆင်ဟွာသတင်းက ဆိုသည်။

ဂျာမနီနိုင်ငံသည် EU က မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို ဆိုင်းငံ့ပြီးနောက် ယင်း၏အကူအညီများကို အပြည့်အ၀ပြန်လည်ပေးအပ်ရန်ဆောင်ရွက်နေပြီဖြစ်ကာ ဂျပန်ပြီး မြန်မာနိုင်ငံ အား ငွေကြေးအကူအညီအများဆုံးပေးနေသည့်နိုင်ငံဖြစ်သည်။ လတ်တလောတွင်လည်း ချေးငွေပေးရန် လာရောက်ဆွေးနွေးလျက်ရှိနေကြောင်းSMEs ဖွံ့ဖြိုးရေးဗဟိုဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်း က ပြောသည်။

No comments: