Monday, January 27, 2014

ပင်လယ်ပြင်ငါးဖမ်းထွက်စဉ် လူပျောက်ဆုံးမှု ဖျာပုံမြို့နယ်တွင် သုံးနှစ်အတွင်း အဆနှစ်ဆယ်ကျော်များလာ

မင်းမင်း

ပင်လယ်ပြင်တွင် ငါးဖမ်းထွက်စဉ် လူပျောက်ဆုံးသွားမှုများမှာ ရဲတပ်ဖွဲ့သို့ တိုင်ကြားချက်များအရပင် ဧရာဝတီတိုင်း ဖျာပုံမြို့နယ်တွင် သုံးနှစ်အတွင်း အဆပေါင်းများစွာ တိုးလာနေသည်ဟု ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဇန်နဝါရီ ၂၄ရက်က ပြောဆိုလိုက်သည်။

ငါးဖမ်းထွက်ပြီး ပြန်မရောက်လာတော့သဖြင့် ရဲတပ်ဖွဲ့သို့ တိုင်ကြားထာမှုများတွင် ၂၀၁၁ခုနှစ်တွင် ၂မှု၊ ၂၀၁၂တွင် ၁၀မှု၊ ၂၀၁၃(ဇန်နဝါရီမှ အောက်တိုဘာလကုန်ထိ) တွင် ၂၆ မှုထိ ရှိခဲ့ပြီး သုံးနှစ်အတွင်း ၃၈မှုရှိခဲ့သည်။ ထို့ကြောင့် သုံးနှစ်အတွင်း အဆနှစ်ဆယ်ကျော် တိုးလာခြင်းဖြစ်သည်။ ထိုအမှုများတွင် ဆယ်မှုသာ ပြန်လည်တွေ့ရှိခဲ့သည်ဟုလည်း ဒုဝန်ကြီးက ပြောသည်။

“ရေလုပ်သားများ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ မကြာခဏ သေဆုံး၊ ပျောက်ဆုံးမှုများ ရှိနေသည့်အတွက် စုံစမ်းစစ်ဆေး ဖော်ထုတ်အရေးယူ ပေးနိုင်ပါရန်” ဟု အမျိုးသားလွှတ်တော်တွင် ဖွဲ့စည်းထားသည့် ပြည်သူတို့၏ တိုင်ကြားစာရေးရာကော်မတီ အတွင်းရေးမှူး ဦးမှတ်ကြီး၏ မေးခွန်းထုတ်မှုကို ဒု-ဝန်ကြီးက ပြန်ဖြေခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ပျောက်ဆုံးနေမှုများကြောင့် ရေလုပ်သားများ၏ ဘဝလုံခြုံရေးအတွက် မည်ကဲ့သို့စီမံဆောင်ရွက်ပေးသွားမည်နည်းဟု ဦးမှတ်ကြီး၏ မေးခွန်းထုတ်မှုကို ဒု-ဝန်ကြီးက “ရေလုပ်သားများ ထိခိုက်နစ်နာမှု၊ သေဆုံးမှုရှိလျှင် အကျိုးခံစားခွင့်များ ပြန်လည်ရရှိနိုင်ရေးအတွက် ရေယာဉ်ပိုင်ရှင်များကိုယ်စား နိုင်ငံတော်မှ ဆောင်ရွက်ပေးနိုင်တဲ့ ရေလုပ်ငန်းရှင် တာဝန်ရှိမှု အာမခံစနစ်ထားရှိရေးကို မြန်မာ့အာမခံလုပ်ငန်းနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့သည်” ဟု ဆိုသည်။

ဧရာဝတီတိုင်းအတွင်းရှိ အဆိုပါ ဖျာပုံမြို့နယ်၊ လပွတ္တာမြို့နယ်၊ ဘိုကလေးမြို့နယ်နှင့်မြောင်းမြမြို့နယ်တို့မှာ ရေလုပ်ငန်းကို အဓိကအားထားရသည့် မြို့နယ်များဖြစ်သည်။

No comments: