Saturday, January 25, 2014

ကားပေါ်တွင် အိပ်နေသူထံမှ ပိုက်ဆံအိတ် လုယူထွက်ပြေး

ဇော်ဇော်ထွေး

အလုံမြို့နယ်တွင် ကားရပ်ပြီး ကားပေါ်တွင် ခေတ္တအိပ်နေသူ တစ်ဦးထံမှ ငွေထုပ်လုယက်မှုတစ်ခု ဇန်န၀ါရီ ၂၁ ရက်က ဖြစ်ပွားခဲ့ရာ ပြစ်မှုကျူးလွန်သူနှစ်ဦးကို အမှုဖွင့်တိုင်တန်းပြီး ၄၅ မိနစ်အချိန် အတွင်း တွင် ပြန်လည်ဖမ်းဆီးလိုက်နိုင်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ မွန်းလွဲ ၂ နာရီခွဲက ရွှေပြည်သာမြို့နယ်နေ ကိုကျော်သွင်လင်း (၃၂)နှစ်သည် စူပါကာစတန် ရွှေအိုရောင် ကိုယ်ပိုင်ယာဉ်ဖြင့် အလုံမြို့နယ် စောရန်ပိုင်ရပ်ကွက် အောက်ကြည့်မြင်တိုင်လမ်းနှင့် မာဃ လမ်းထိပ်စားသောက်ဆိုင်ရှေ့သို့ ရောက်ရှိပြီး လမ်းဘေးတွင်ကားရပ်၍ ခေါင်းခန်းတွင် ခေတ္တမှေးနေ သည်ဟု ဆိုသည်။

အထိုအချိန် ကားရှေ့တည့်တည့်မှ လမ်းလျှောက်လာသည့် အမည်မသိ အမျိုးသား နှစ်ဦးက ကားဘေး တံခါးဖွင့်ကာ ၀ဲဘက်ထိုင်ခုံပေါ်တင်ထားသည့် ငွေကျပ် ၄၈,၀၀၀ ကျပ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပါ ခေါက်ပိုက်ဆံအိတ်ထည့်ထားသည့် ဘေးလွယ်အိတ်ကို နှိုက်ယူထွက်ပြေးသွားခဲ့သည်ဟု ရဲအား ပြောဆိုထားသည်။

ထို့ကြောင့် ၎င်းတို့ နှစ်ဦးကို အရေးယူပေးရန် အလုံရဲစခန်းသို့ ညနေ ၆ နာရီ ၅ မိနစ်အချိန်တွင် လာ ရောက်တိုင်တန်းခဲ့သဖြင့် မြို့နယ်ရဲတပ်ဖွဲ့က ချက်ချင်းလိုက်လံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ၆ နာရီ မိနစ် ၅၀တွင် ပြစ်မှုကျူးလွန်ခဲ့သူဟု သံသယရှိ၊ ယူဆထားသည့် ရန်မိုး(၂၂)နှစ် ဒေါပုံမြို့နယ်နေသူနှင့် သန်းဇော်ထွန်း (၂၈)နှစ် သန်လျင်မြို့နယ်နေသူတို့နှစ်ဦးကို အလုံမြို့နယ် စကား စိမ်းလမ်း နှင့် ကမ်းနားလမ်းထောင့်တွင် ဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ယင်းတို့နှစ်ဦးကို ရဲစခန်းက (ပ)၁၆/၂၀၁၄ ဖြင့် အမှုဖွင့်ထားသည့်အတွက် ပြစ်မှုပုဒ်မ ၃၇၉ ဖြင့် အရေးယူနိုင်ရန် ဆက်လက်စစ်ဆေးနေသည်။

No comments: