Thursday, January 9, 2014

ရွေးကောက်ပွဲကော်မရှင်တွင် တပ်မတော်သားများခန့်အပ်ခြင်း နိုင်ငံရေးပါတီများ ဝေဖန်

ဟိန်းကိုစိုး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ခရိုင်နှင့် မြို့နယ်ရုံးခွဲများတွင် တပ်မတော်မှ ပြောင်းရွှေ့တာဝန် ထမ်းဆောင်လိုသူ ၆၃ ဦးကို ခန့်အပ်တာဝန်ပေးခဲ့ခြင်းကြောင့် လာမည့်ရွေးကောက်ပွဲ၏ လွတ်လပ်မျှတမှု အခြေအနေများအပေါ် သံသယရှိနေသည်ဟု နိုင်ငံရေးပါတီနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း အင်အားစု အချို့က ဇန်န၀ါရီ ၆ ရက်တွင် ဝေဖန် ပြောဆိုသည်။

“သူတို့ပြောတဲ့ အကြောင်းပြချက်တွေက မခိုင်လုံဘူး။ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်မှာ အရပ် ဘက်က ၀န်ထမ်းတွေကိုပဲ ခန့်သင့်တယ်။ ဒီအချိန်မှာက ပြည်သူတွေရဲ့ယုံကြည်မှုက ပိုအရေးကြီးတယ်။ ပြည်သူတွေယုံကြည်မှုတွေ လျော့မယ့်ကိစ္စတွေကိုတော့ ရှောင်သင့်တယ်။ တပ်မတော်ကသူတွေလည်း မျှတတဲ့သူ ရှိနိုင်ပါတယ်။ ဒီအချိန်က တပ်ကသူတွေထက် အရပ်ဘက်ကသူတွေကိုခန့်တာ ပိုသင့်တော်တယ်”ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက ဆို သည်။

ယခုကာလသည် နိုင်ငံရေးအင်အားစုများနှင့် အစိုးရကြား ယုံကြည်မှုတည်ဆောက်နေသည့် အချိန်ကာ လသာဖြစ်သည့်အတွက် ကော်မရှင်အတွင်း ယင်းသို့ တပ်မတော်သားများခန့်အပ်ခြင်း လာမည့် ရွေးကောက်ပွဲ တရားမျှတမှုရှိမရှိအပေါ်တွင် မေးခွန်းထုတ်စရာဖြစ်လာသည်ဟု ၎င်းက ဆက်လက် သုံးသပ်သည်။

ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်ဘက်မှမူ လစ်လပ်နေသည့် ရာထူးနေရာများအတွက် ၀န်ကြီးဌာန အသီးသီးသို့ တင်ပြတောင်းခံခဲ့ရာတွင် ကာကွယ်ရေးဝန်ကြီးဌာနတစ်ခုတည်းမှသာ လွှဲပြောင်းတာဝန် ထမ်းဆောင်လိုသူများ ရရှိခဲ့သည်ဟု ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသောင်းလှိုင်က “သူတို့ကိုခန့်တယ်ဆိုတာကလဲ ဘယ် ကမှမရလို့။ ဒုတိယဦးစီးမှူးတို့၊ စာရေးတို့ကိုတော့ ရုံးစိုက်တဲ့ဒေသကသူတွေကို ခန့်အပ်သွားမှာပါ။ သူတို့ ဒီဘက်မှာ တာဝန်ထမ်းဆောင်မှာကလည်း တပ်ကနေပြီးတော့ ထွက်ပြီးမှ တာဝန်ထမ်းဆောင်ကြမှာပါ” ဟု ပြောသည်။

ယင်းတို့ကို မည်သည့်ခရိုင်နှင့် မြို့နယ်များတွင် တာဝန်ပေးမည်ကိုမူ ဆုံးဖြတ်ရခြင်းမရှိသေးဘဲ လုပ်ငန်း ခွင်သင်တန်းများ ပို့ချပေးနေသည်ဟု ၎င်းက ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် ဦးဝင်းမြင့်ကမူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် အများယုံကြည်ကိုးစား သည့် ပုဂ်္ဂိုလ်များကိုသာ ခန့်အပ်တာဝန်ပေးသင့်သည်ဟု ဆိုသည်။

လက်ရှိလွှတ်တော်အတွင်း အင်အားအကြီးဆုံးဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဘက် ကမူ ရွေးကောက်ပွဲများ၏ လွတ်လပ်မှုနှင့် မျှတမှုတို့သည် တာဝန်ရှိသူများ၏ တာဝန်ကျေပွန်မှုပေါ်တွင် သာ မူတည်မည်ဖြစ်ပြီး တပ်မတော်သားများ ခန့်ခြင်းမခန့်ခြင်းပေါ်တွင် သံသယထားရန်မရှိဟု ဆိုသည်။

အမရပူရမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက “သူတို့က အရပ်ဘက်အနေနဲ့ ပြောင်းလာတာဆိုတော့ တပ်မတော်တာဝန်တွေ ထမ်းဆောင်တော့မှာ မဟုတ်ပါဘူး။ တပ်မှာဆိုလည်း တပ်စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ခဲ့ရတယ်။ အခု အရပ်ဘက်မှာလည်း သူ့စည်းမျဉ်းစည်းကမ်းအတိုင်း အ လုပ်လုပ်ဖို့ မည်သူမဆို တာဝန်ရှိမှာပါ။ အဲဒီတော့ သူတို့က အရပ်ဘက်နဲ့သက်ဆိုင်တဲ့ ၀န်ထမ်းတွေဖြစ် လာပြီး ရွေးကောက်ပွဲကို တာဝန်ယူရမယ်ဆိုတော့ လွတ်လပ်မှု၊ မျှတမှုရှိ မရှိဆိုတာက သက်ဆိုင်ရာတာ ၀န်ကို ကျေပွန်မှုရှိ မရှိပေါ်မှာပဲ မူတည်ပါလိမ့်မယ်”ဟု ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တပ်မတော်သား ဗိုလ်မှူးအဆင့် ၆၀ ဦးကို ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများတွင် လက်ထောက်ညွှန်ကြားရေးမှူး ရာထူးဖြင့်လည်းကောင်း၊ ဗိုလ်ကြီးအဆင့်ရှိသူ သုံးဦးကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင်လည်းကောင်း တာဝန်ပေးရန် စီစဉ်ထားသည်။

No comments: