Tuesday, January 14, 2014

စစ်တပ်၏ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုများ အဆုံးသတ်ရန် အစီရင်ခံစာထုတ်ပြန်

ဖနိဒါ

တိုင်းရင်းသားအမျိုးသမီးများအပေါ် မြန်မာ့တပ်မတော်က လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုများ ကျူးလွန်သည် ကို အရေးယူမှုမှ ကင်းလွတ်ခွင့်စနစ်ကို အဆုံးသတ်ရန် ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ၏ အစီရင်ခံစာတွင် တင်ပြ တောင်းဆိုလိုက်သည်။

မြန်မာတပ်မတော်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် မှတ်တမ်းများနှင့် အသေးစိတ် ဖော်ပြထား သည့် “အရေးယူမှုမှ ကင်းလွတ်ခြင်းနှင့် မပြောင်းလဲသေးသည့် စနစ်များ”ဟူ၍ အမည်ပေးထားသော အစီရင်ခံစာကို လာမည့် ဇန်န၀ါရီလ ၁၅ ရက်မှာ ရန်ကုန်၊ ချင်းမိုင်၊ နယူးယောက်နှင့် သြစတေးလျနိုင်ငံ များတွင် သတင်းစာရှင်းလင်းပွဲများပြုလုပ်၍ ထုတ်ပြန်မည် ဖြစ်သည်။

“ပြုပြင်ပြောင်းလဲမှုလုပ်တာ သုံးနှစ်တောင်ရှိပေမယ့် အစိုးရစစ်တပ်ကနေ တိုင်းရင်းသားဒေသတွေမှာ လူ့ အခွင့်အရေးချိုးဖောက်မှုတွေ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေ ဆက်ရှိနေတယ်။ အရင်အစိုးရ အတိုင်း ဆက်ချိုးဖောက်နေတယ်။ နိုင်ငံတော် ပြုပြင်ပြောင်းလဲပြီဆိုရင် ဒီလိုချိုးဖောက်မှုတွေကိုလည်း ရပ်တန့်ဖို့ ထောက်ပြချင်တာ ဖြစ်တယ်”ဟု WLB ၏ အဖွဲ့ဝင်တစ်ခုဖြစ်သော ကချင်အမျိုးသမီးအစည်း အရုံး KWAT မှ အထွေထွေ တွဲဖက်အတွင်းရေးမှူး ဂျက်စီကာအင်ခွမ်က မဇိ္ဈမကို ပြောသည်။

၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်ထိ KWAT မှ အဓမ္မပြုကျင့်ခံရမှုပေါင်း ၇၀ ကျော်ရရှိပြီး ထိုအထဲမှ တချို့အမှု များကို အကြမ်းဖက်ခံရသူ ကာယကံရှင်များ သုံးခွင့်မရကြောင်း ၎င်းက ဆက်ပြောသည်။ ထို အဓမ္မပြု ကျင့်ခံရမှုအပါအ၀င် တခြား မတရားသတ်ဖြတ်မှု၊ ညှင်းပန်းနှိပ်စက်ခံရမှု စသည့် အမှုပေါင်း ၃၀၀ ကျော် ကောက်ခံရရှိခဲ့သည်ဟု သိရသည်။

WLB ၏ အစီရင်ခံစာကို အပိုင်း နှစ်ပိုင်း ဖော်ပြထားပြီး ၂၀၁၀ ရွေးကောက်ပွဲကာလမှစတင်၍ WLB နှင့် အဖွဲ့ဝင်အဖွဲ့အစည်းများက မြန်မာ့တပ်မတော်မှ မုဒိမ်းပြုကျင့်ခြင်းကို ခံခဲ့ရသော အမျိုးသမီး ၁၀၄ ဦးကို အချက်အလက် စုဆောင်း မှတ်တမ်းတင် ဖော်ပြထားသည်။

အမှုအများစုမှာ ၂၀၁၁ ခုနှစ်မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဖြစ်ပွားခဲ့ပြီး စစ် ရေးများနှင့်ဆက်စပ်နေကြောင်း KWAT က မှတ်တမ်းတင်ထားသော မြန်မာအစိုးရစစ်သားများ ကျူးလွန် ခဲ့သော လိင်အကြမ်းဖက်မှုခံခဲ့ရသည့် အမျိုးသမီး ၅၉ ဦးနှင့် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း(SWAN)က လွန်ခဲ့သော သုံးနှစ်အတွင်း အမျိုးသမီးနှင့် မိန်းကလေး ၃၅ ဦးပါဝင် သော လိင်အကြမ်းဖက်မှု ၃၀ မှုတို့ကို အစီရင်ခံထားသည်။

ထို့ပြင် အမှုပေါင်း ၄၇ မှုသည် အုပ်စုလိုက် မုဒိမ်းပြုကျင့်မှုများဖြစ်ပြီး ကျူးလွန်ခံရသူများမှာ အသက် ရှစ် နှစ်အရွယ်အထိပါဝင်ပြီး အမျိုးသမီး ၂၈ ဦး သတ်ဖြတ်ခံရခြင်း သို့မဟုတ် ဒဏ်ရာကြောင့် သေဆုံးခဲ့ရ သည်ဟု ဖော်ပြထားသည်။ ၎င်းအမှုများသည် အပေါ်ယံမျှသာရှိသေးပြီး အဓမ္မပြုကျင့်မှုကို စစ်ပွဲနှင့် တိုင်း ရင်းသားဒေသများအတွင်း ဖိနှိပ်မှုကိရိယာအဖြစ် ယနေ့တိုင် အသုံးပြုနေဆဲဖြစ်ကြောင်း WLB က အ တည်ပြုထားသည်။

ထိုအဖြစ်အပျက်များသည် မြို့နယ်ပေါင်း ၃၅ မြို့နယ်အတွင်း ဖြစ်ပွားခဲ့ကာ ကျူးလွန်သူများမှာ မြန်မာ့ တပ်မတော်၏ တပ်ရင်းပေါင်း ၃၈ ရင်းကျော် ပါဝင်ပြီး တချို့စစ်တပ်များက အချိန်နှင့်အမျှ အကြိမ်ကြိမ် ကျူးလွန်မှုများရှိနေသည်ဟု ရေးသားထားသည်။

စုဆောင်းရရှိသော အချက်အလက်များက လိင်အကြမ်းဖက်မှုအများစုသည် မြန်မာ့တပ်မတော်အတွင်း ဗိုလ်ကြီးများ၊ တပ်မှူးများနှင့် ဗိုလ်မှူးများ ဖြစ်ကြသည်ကို ကြည့်ခြင်းအားဖြင့် စစ်တပ်အရာရှိများသည် နောက်လိုက်စစ်သားများအား၂၀၀၂ ခုနှစ်က SWAN အဖွဲ့က မီးမောင်းထိုးပြခဲ့သည့်အတိုင်း “မုဒိမ်းကျင့် ခွင့်လိုင်စင်” ပေးထားသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေပြီဟု နိုင်ငံတကာက ယုံကြည်နေသော်လည်း အမှန်တ ကယ် တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်မှ ပြုပြင်ပြောင်းလဲမှု ရရှိမည် ဟု ဂျက်စီကာအင်ခွမ်က ထောက်ပြပြောဆိုသည်။

“တိုင်းရင်သားဒေသတွေမှာ ထိုးစစ်တွေ လုပ်နေတယ်။ ဒါတွေကို ရပ်တန့်ဖို့ စစ်တပ်ကို ရုပ်သိမ်းသွားဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လျော့နည်းသွားရမယ်။ ဒါတွေ မလျော့ဘူးဆိုရင် ဒီနိုင်ငံ ပြောင်းလဲတာ မဟုတ်ဘူး၊၂၀၀၈ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှု လုပ်ရမယ်။ စစ်တပ်က အစိုးရအောက်မှာ တရားဝင် ရှိနေ ရမယ်လို့ဆိုတာ ကျွန်မတို့ လိုလားတယ်”ဟု သူက မဇိ္ဈမကို ပြောသည်။

စာမျက်နှာ ၇၆ မျက်နှာပါရှိသော အစီရင်ခံစာတွင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမူများအောက်တွင် စစ် တပ်ကို အရပ်သားထိန်းချုပ်မှုအောက်တွင် ထားရှိရန် လိုအပ်ပြီး ထိုသို့ မထားသ၍ တိုင်းရင်းသား အမျိုး သမီးများအပေါ် လိင်အကြမ်းဖက်မှုများ ရပ်တန့်နိုင်မည်မဟုတ်ကြောင်း ထောက်ပြထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်းသည် မြန်မာနိုင်ငံ အမျိုးသမီးများ တရားမျှတမှုကို အာမ ခံချက်ရရှိစေရန် ပထမခြေလှမ်းဖြစ်ပြီး ကျူးလွန်ခံရသူများကို အမှန်တရား ရရှိပိုင်ခွင့်ရှိစေရန် အမျိုးသမီး များအား ကာကွယ်သည့် ဥပဒေကို အတည်ပြု၍ အကောင်အထည်ဖော်ရမည်ဟု တိုက်တွန်းထားသည်။

ထို့ကြောင့် အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများကို ချက်ချင်း ရပ်တန့်စေပြီး ကျူးလွန်ခဲ့သည့် ရာ ဇ၀တ်မှုများအတွက် တရားမျှတမှု ဆောင်ကြဉ်းပေးရေး သေချာမှုရှိစေရန်၊ စစ်တပ်ကို အရပ်သားအစိုးရ ၏ ထိန်းချုပ်မှုအောက်တွင် ထားရှိပြီး အမျိုးသမီးအခွင့်အရေးများ မြှင့်တင်များကို အာမခံချက်ရှိလာစေ ရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရန်နှင့် မြန်မာနိုင်ငံဥပဒေများကို နိုင်ငံတကာဥပဒေ စံချိန်စံညွန်း များနှင့် တစ်ပြေးညီဖြစ်စေပြီး အမျိုးသမီးများအပေါ် ကာကွယ်စောင့်ရှောက်မှုနှင့် ပတ်သက်၍ ဥပဒေများ ကို ထိရောက်မှုရှိလာစေရေး ဆောင်ရွက်ရန် အကြံပြုထားသည်။

WLB သည် ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်က ဘင်္ဂလားဒေ့ရှ်၊ အိန်္ဒိယနှင့် ထိုင်းနိုင်ငံ နယ်စပ်တို့မှ တိုင်း ရင်းသူ အမျိုးသမီးအဖွဲ့အစည်း ၁၃ ခုဖြင့် ဖွဲ့စည်းထားသော အဖွဲ့ကြီးတစ်ခုဖြစ်သည်။

No comments: