Monday, January 6, 2014

ဥပဒေတချို့ ပြင်ဆင်ပေးဖို့ လူမှုအသင်းတွေ ဆန္ဒပြတောင်းဆို

ABC

၈၈ ​မျိုးဆက်ကျောင်းသား ​ခေါင်းဆောင်ဟောင်း ​ဦးမင်းကိုနိုင်၊ ​ဦးကိုကိုကြီးနဲ့ ​၈၈ ​မျိုးဆက် ​ကျောင်းသား ​အဖွဲ့တွေ ​ဦးဆောင်ပြီး ​လူမှုအရပ်ဘက်အဖွဲ့အစည်းပေါင်း ​၅၀ ​ကျော်ဟာ ​နိုင်ငံသား ​အခွင့်အရေး ​အပြည့်အဝ ​ရရှိရေးအတွက် ​မနေ့တုန်းက ​ရန်ကုန်မြို့ ​မြို့တော်ခန်းမရှေ့မှာ ​ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

အဲဒီ ​ဆန္ဒပြပွဲမှာ ​လူအင်အား ​ထောင်နဲ့ချီဟာ ​နိုင်ငံသား ​အခွင့်အရေး ​အပြည့်အဝ ​ရရှိဖို့နဲ့ ​နိုင်ငံသား ​အခွင့်အရေးကို ​ပိတ်ပင် ​တားဆီးနေတဲ့ ​ငြိမ်းချမ်းစွာ ​စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ​ဥပဒေ ​အပါအဝင် ​တည်ဆဲ ​ဥပဒေတွေကို ​ဖြတ်သိမ်းပေးဖို့ ​ဒါမှမဟုတ်ရင် ​ပြင်ဆင်ပေးဖို့ ​တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် ​နိုင်ငံရေး ​အရ ​ဖမ်းဆီးမှု ​မရှိဖို့နဲ့ ​နိုင်ငံရေး ​ပုဒ်မတွေနဲ့ ​တရားစွဲဆိုခံထားရတာတွေကို ​ပယ်ဖျတ်ပေးဖို့ ​တောင်းဆိုခဲ့ကြပါသေးတယ်။

မနေ့တုန်းက ​ဆန္ဒပြပွဲမှာ ​နိုင်ငံသား ​အခွင့်အရေး ​အပြည့်အဝ ​ရရှိဖို့ ​တောင်းဆိုတာနဲ့ ​ပက်သက်ပြီး ​၈၈ ​မျိုးဆက်ကျောင်းသား ​ခေါင်းဆောင်ဟောင်း ​ဦးကိုကိုကြီးက ​အခုလို ​ပြောဆိုခဲ့ပါတယ်။

“အပြည်ပြည်ဆိုင်ရာ ​လူ့အခွင့်အရေး ​ကြေညာစာတမ်းပါ ​အခွင့်အရေးတွေကို ​နိုင်ငံသားတွေကို ​အပ်နှင်းပါ့မယ်လို့ ​နိုင်ငံတကာ ​မိသားစုထံမှာ ​ကတိကဝတ်ပြုထားတာလည်း ​ဖြစ်ပါတယ်။ ​အပြည်ပြည်ဆိုင်ရာ ​လူ့အခွင့်အရေး ​ကြေညာစာတမ်း ​အပိုဒ် ​၁၉ ​အရ ​လူတိုင်းမှာ ​လွတ်လပ်စွာ ​ထင်မြင် ​ယူဆနိုင်ခွင့်နှင့် ​လွတ်လပ်စွာ ​ဖွင့်ဟဖော်ပြနိုင်ခွင့် ​ရှိသည်လို့ ​အတိအကျ ​ပြဌာန်းထားပါတယ်။ ​ကျွန်တော်တို့ ​နိုင်ငံကနေပြီးတော့ ​နိုင်ငံတကာကို ​ပေးထားတဲ့ ​ကတိကဝတ်ပါ။ ​ဒါ့ကြောင့် ​ကျွန်တော်တို့ ​လွတ်လပ်စွာ ​စုဝေးခွင့်ဟာ ​ကျွန်တော်တို့ရဲ့ ​မွေးရာပါ ​အခွင့်အရေး ​ဖြစ်တယ်ဆိုတာကို ​အလေးအနက်ထပ်ပြီး ​ပြောချင်ပါတယ်။”


လက်ရှိ ​ပြဌာန်းထားတဲ့ ​ငြိမ်းချမ်းစွာ ​စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ​ဥပဒေဟာ ​နိုင်ငံသားတွေရဲ့ ​အခွင့်အရေးကို ​ပိတ်ပင်တားဆီး ​နေတဲ့ ​ဥပဒေတစ်ခုဖြစ်တယ်လို့လည်း ​ဆိုပါတယ်။ ​တစ်ဆက်တည်းမှာပဲ ​နိုင်ငံသား ​အခွင့်အရေးတွေကို ​ဖိနှိပ်ချုပ်ချယ်ထားတဲ့ ​ဥပဒေတွေကို ​ဆက်လက်ကန့်ကွက်မှုတွေ ​ပြုလုပ်သွားမယ်လို့ ​လက်ပံတောင်းတောင် ​အရေးဆန္ဒထုတ်ဖော်မှုကြောင့် ​ပုဒ်မ ​၁၈ ​နဲ့ ​ပြစ်ဒဏ်ကျခံခဲ့ရတဲ့ ​နိုင်ငံရေး ​အကျဉ်းသား ​ဟောင်းများအဖွဲ့က ​ကိုစိုးမိုးထွန်းက ​ပြောပါတယ်။

“ဆန္ဒပြတာက ​ဆန္ဒထုတ်ဖော်တယ်ဆိုတာက ​နိုင်ငံသားအခွင့်အရေးတွေနဲ့ ​အညီ ​ကျွန်တော်တို့ ​ဆန္ဒထုတ်ဖော်တာပါ။ ​ဥပဒေနဲ့ ​လုပ်ထုံးလုပ်နည်းတွေနဲ့ ​အညီ ​ပုဒ်မ ​၁၈ ​မှ ​မဟုတ်ပါဘူး ​ဒီအခွင့်အရေးတွေနဲ့ ​ပတ်သက်လို့ ​လွတ်လပ်စွာ ​ထုတ်ဖော် ​ပြောဆိုခွင့် ​ရေးသားခွင့် ​စည်းရုံးလှုံဆော်ခွင့်တွေကို ​ကျွန်တော်တို့က ​ဆက်လက်တိုက်ပွဲဝင်သွားမှာပါ။”

ပြုလုပ်ခဲ့တဲ့ ​ဆန္ဒပြပွဲဟာ ​တရားဝင်ခွင့်ပြုမိန့်နဲ့ ​ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပြီး ​အဖွဲ့အစည်းပေါင်း ​၅၀ ​ကျော်ရဲ့ ​သဘောတူညီချက်တွေ ​အတိုင်း ​ဆန္ဒထုတ်ဖော်ခဲ့တာလည်း ​ဖြစ်တယ်လို့ ​သိရပါတယ်။

အဲဒီ ​ဆန္ဒပြပွဲဟာ ​ပထမဦးဆုံးအကြိမ် ​အဖြစ် ​၈၈ ​မျိုးဆက်ကျောင်းသားဟောင်းတွေ ​အကုန်လုံး ​ပါဝင်တဲ့ ​ဆန္ဒပြပွဲတစ်ခုလည်း ​ဖြစ်ပြီး ​လူအင်အား ​အများဆုံး ​ပါဝင်တဲ့ ​ဆန္ဒထုတ်ဖော်ပွဲတစ်ခုလည်း ​ဖြစ်တယ်လို့ ​သိရပါတယ်။

No comments: