Monday, January 6, 2014

သမ္မတက နေပြည်တော်ကောင်စီကို တိုက်ရိုက်ခန့်ခြင်း နိုင်ငံသားအခွင့်အရေးဆုံးရှုံးဟု ဝေဖန်

အောင်သူရထွန်း၊ ရွှေရည်ဝင်းထက်

အစိုးရရုံးစိုက်ရာ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်တွင် နေပြည်တော်ကောင်စီကို သမ္မတက တိုက် ရိုက်ခန့်ထားခြင်း၊ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများကဲ့သို့ လွှတ်တော်များမရှိခြင်းသည် ဒေသခံများအတွက် နိုင်ငံသား အခွင့်အရေးဆုံးရှုံးနေရသည်ဟု ဒေသခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ဇန်န၀ါရီ လ ၅ ရက်တွင် သုံးသပ်ပြောဆိုထားသည်။

ပျဉ်းမနားမြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုမျိုးတေဇမောင်က “သမ္မတက တိုက်ရိုက်အုပ်ချုပ်တာ မဟုတ်ဘဲနဲ့ ပြည်သူကရွေးချယ်တဲ့ လွတ်လပ်တဲ့အဖွဲ့အစည်းမျိုး ဖြစ်စေချင်တယ်။ နေပြည်တော်ကောင် စီ ရှစ်မြို့နယ်စလုံးမှာ ရန်ကုန်တို့ မန္တလေးတို့လို တိုင်း၊ ပြည်နယ်လွှတ်တော်မျိုးမရှိတဲ့အတွက် ကိုယ်စား လှယ်လဲ မရှိဘူး။ အဲဒါက နိုင်ငံသားအခွင့်အရေး ဆုံးရှုံးသလို ဖြစ်နေတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၄ ရက်က နေပြည်တော်ကောင်စီမြို့နယ်၊ ပျဉ်းမနားမြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံ အ ခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ(၁၈)ဖျက်သိမ်းရေးအပါအ၀င် နေပြည်တော်ကောင်စီကို ရွေးချယ်ခံ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပေးရေးအတွက် ဒေသခံတစ်ဦးဖြစ်သူ ဦးသာချိုက တစ်ကိုယ်တော် ဆန္ဒ ဖော်ထုတ်ခဲ့အပြီး ယခုကဲ့သို့ ပြောဆိုကြခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၀(က)တွင် “နိုင်ငံတော်၏မြို့တော်ဖြစ်သည့် နေပြည်တော် ကို နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင်ထားရှိသည့် ပြည်ထောင်စုနယ်မြေအဖြစ်သတ် မှတ်သည်”ဟု ပြဋ္ဌာန်းထားသည်။ မြို့နယ်ပေါင်း ရှစ်မြို့နယ်ဖြင့် ဖွဲ့စည်းထားသည့် နေပြည်တော်ကောင် စီနယ်မြေတွင် ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်မြို့တော်ဝန်တစ်ဦးနှင့် အဖွဲ့ဝင်ရှစ်ဦး စုစုပေါင်း ကိုဦးဖြင့် ဖွဲ့ စည်းထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဥတ္တရသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက “ပွင့်ပွင့်လင်းလင်းပြောရရင် နေပြည်တော်ကောင်စီအုပ်ချုပ်ရေးဟာ အလဟဿအုပ်ချုပ်ရေးမျိုး ဖြစ်နေ တယ်။

တစ်နည်းအားဖြင့် ပြည်သူ့အကျိုးကို မဆောင်ရွက်တဲ့ အနေအထားအပြင် လယ်သိမ်း၊ ယာသိမ်း၊ မြေ သိမ်းကိစ္စတွေ အပါအ၀င် ပြည်သူတွေနစ်နာတာကို ဘာမှ ပြေလည်အောင် ဖြေရှင်းပေးခြင်းမရှိပါဘူး”ဟု ပြောသည်။

ဇန်န၀ါရီ ၄ ရက် ဆန္ဒဖော်ထုတ်ခဲ့သူ ဦးသာချို၏အမှုအား လိုက်ပါဆောင်ရွက်နေသူ ပျဉ်းမနားဒေသခံ ရှေ့နေကြီး ဦးခင်မောင်ဇော်က နေပြည်တော်ကောင်စီလက်အောက်တွင် ဒေသခံများသည် အခြားဒေသ များကဲ့သို့ ပြည်နယ်နှင့် တိုင်းလွှတ်တော်မရှိဘဲ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များကိုသာ ရွေးကောက်နေရသည်ဟု ဆိုသည်။

No comments: