Tuesday, January 7, 2014

မြောက်ဦးတွင် ခရီးသွားခွင့်ပြုပြီး တစ်နှစ်ကျော်သော်လည်း ဧည့်ဝင်နည်း

ကေဇူး

ပဋိပက္ခများ မဖြစ်ပွားခင်အချိန်ထက် ဆယ်ဆခန့်ကျသွားကြောင်း ခန့်မှန်း

ရခိုင်ပြည်နယ်၏ ရှေးဟောင်းအမွေအနှစ်များရှိရာ မြောက်ဦးတွင် ခရီးသွားလာခွင့် ပြန်ဖွင့်ပြီး တစ်နှစ် ကျော်ကြာသည်အထိ ခရီးသွားဝင်ရောက်မှု လျော့နည်းလျက်ရှိနေသေးသည်ဟု ဒေသတွင်း ခရီးသွား လုပ်ငန်းရှင်များက ဒီဇင်ဘာ ၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

ပဋိပက္ခများ ဖြစ်ပွားပြီးနောက် ရှေးဟောင်းမြို့တော်ဖြစ်သည့် မြောက်ဦးမြို့သို့ ခရီးသွားလာခွင့်များ ပိတ် ပင်ထားခဲ့ပြီး ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြန်ဖွင့်ပေးခဲ့သော်လည်း ၂၀၁၃ ခုနှစ်ကုန်သည်အထိ ခရီး သွားလာမှုမှာ ဆယ်ဆခန့်လျော့နည်းနေသေးသည်ဟု ဒေသခံ ခရီးသွားကုမ္ပဏီပိုင်ရှင်များက ဆိုကြ သည်။

“ပဋိပက္ခမဖြစ်ခင်က တစ်နှစ်ကို သောင်းနဲ့ချီပြီးဝင်တယ်။ ခရီးသွားလာခွင့်ပိတ်ပြီး ပြန်ဖွင့်တော့ ထောင် ဂဏန်းတောင် မရှိသေးဘူး။ မနှစ်ကဆို တစ်နှစ်လုံး အလုပ်မလုပ်ရဘူး”ဟု မြင့်မြတ်သန္တာမြေ ခရီးသွား ကုမ္ပဏီမှ စီမံညွှန်ကြားရေး ဒါရိုက်တာဦးသိန်းထွန်းအေးက ပြောသည်။

လက်ရှိတွင် မြောက်ဦးမြို့တွင် ဟိုတယ်ငါးလုံးခန့်သာ လည်ပတ်လျက်ရှိနေသည်။ မြောက်ဦးသို့ လာ ရောက်သော ခရီးသွားအများစုမှာ ပြည်ပဧည့်သည်များသာဖြစ်ပြီး လေ့လာရေးနှင့် သုတေသနလုပ်ငန်း များအတွက် အများဆုံး လာရောက်ကြသည်ဟု မြောက်ဦး ခရီးသွားဧည့်လမ်းညွှန်ဖြစ်သည့် ကိုအောင်စိုး မြင့်က ဆိုသည်။

“ပြည်တွင်းကဧည့်သည်တွေက အခုဆို မလာသလောက်ပဲ။ ဘုရားဖူးဖို့မဟုတ်ဘဲ၊ လေ့လာရေးအနေနဲ့ လာကြတာများတယ်”ဟု ကိုအောင်စိုးမြင့်က ဆိုသည်။

၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တွင် ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် လူမျိုးစုနှစ်ခု ပဋိပက္ခများဖြစ်ပေါ်ခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံခြားသံရုံးများက ရခိုင်ပြည်နယ်သို့ ခရီးမသွားရန် တားမြစ်ခြင်းများကြောင့် ခရီးသွား ဧည့်သည်များ လာရောက်မှု ကျဆင်းသွားခြင်းဖြစ်သည်။

“ဒီမှာဖြစ်နေတဲ့ ကိစ္စတွေက ရခိုင်တစ်ပြည်နယ်လုံးအနေနဲ့ ခြုံငုံသုံးသပ်ပြီး သူတို့တွေက မလာရဲကြတာ များတယ်”ဟု ကိုအောင်စိုးမြင့်က ပြောသည်။

ရခိုင်ပြည်နယ်တွင် မြောက်ဦး ရှေးဟောင်းမြို့နှင့် ငပလီကမ်းခြေများသို့ ပြည်ပခရီးသွားများ အများစု လာ ရောက်ကြသည်။ မြောက်ဦးမြို့သည် ရခိုင်တို့၏ နောက်ဆုံးမင်းဆက် နန်းတည်ရာမြို့ဖြစ်ပြီး ရှေးခေတ် ထင်ရှားသော စေတီပုထိုးများ၊ နန်းတော်ရာများဖြင့် ပြည်ပခရီးသွားများကို ဆွဲဆောင်သောမြို့ဖြစ်သည်။

မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနှစ်များ ရန်ပုံငွေအဖွဲ့(Global Heritage Fund)အဖွဲ့က ၂၀၁၂ ခုနှစ်၊ မေ လတွင်းက ပျက်စီးပျောက်ကွယ်မည့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် နေရာ ၁၀ ခုတွင် ထည့်သွင်း ထုတ်ပြန်ထားသေးသည်။

မြောက်ဦးမြို့ကို ရခိုင်ဘုရင် မင်းစောမွန် အေဒီ ၁၄၃၀ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၃၅၅ နှစ် တည်တံ့ခဲ့ပြီး၊ ရခိုင်မင်းဆက်ပေါင်း ၄၈ ဆက် စိုးစံခဲ့သည့် ရခိုင်သမိုင်းဆိုင်ရာ ယဉ်ကျေးမူအမွေအနှစ် များ အထူးပြုလေ့လာနိုင်သည့် ရှေးဟောင်းမြို့တော်တစ်ခု ဖြစ်သည်။

No comments: