Friday, January 24, 2014

မိုးကုတ်မြို့ ရွှေဆိုင်နှစ်ဆိုင် ဓားပြတိုက်သူများကို မမိသေး

ရွှေစင်ခိုင်၊ မျိုးသန့်

ပင်ဦးလွင်ခရိုင် မိုးကုတ်မြို့ အောင်ချမ်းသာဈေးတွင် ဇန်န၀ါရီ ၂၁ ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သော ရွှေဆိုင်ဓားပြတိုက်မှုတွင် ပါဝင်သော တရားခံများကို ရဲတပ်ဖွဲ့မှ စီမံချက်ဖြင့် ရှာဖွေနေသော်လည်း ဇန်န ၀ါရီလ ၂၂ ရက် ညပိုင်းအထိ တရားခံမမိသေးဟု မြို့မရဲစခန်းမှ သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် တရားခံ ဖမ်းဆီးရမိရေးအတွက် လူစိမ်းအ၀င်အထွက်များ စစ်ဆေးခြင်း၊ လမ်းကြောင်း ငါးကြောင်းခွဲကာ စစ်ဆေးခြင်း၊ နယ်မြေစစ်တပ်ရင်းများနှင့် ပူးပေါင်းရှာဖွေခြင်းများကို ပြု လုပ်နေကြောင်း၊ ဆက်စပ်နယ်မြေများကို အနီးစပ်ဆုံး ပုံတူများရေးဆွဲကာ ရှာဖွေမှုများကို ပြုလုပ်နေ ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်ထားသည်။

“မန္တလေးတိုင်းရဲတပ်ဖွဲ့ရုံးမှလည်း ရဲမှူးကြီး ဇော်ဝင်းအောင်ကိုယ်တိုင် ဦးစီးကာ ပိတ်ဆို့ရှာဖွေမှုတွေ လုပ် ဆောင်နေပါတယ်။ နယ်မြေအလိုက်လည်း ရှာဖွေမှုတွေ ပြုလုပ်နေပေမယ့် လက်ရှိအချိန်ထိတော့ ဖမ်း ဆီးရမိခြင်း မရှိသေးပါဘူး”ဟု မိုးကုတ်မြို့ မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

လုယက်မှုခံခဲ့ရသော အောင်ချမ်းသာဈေးရှိ ရွှေဆိုင်များမှာ ဇန်န၀ါရီလ ၂၂ ရက်တွင် ပိတ်ထားကြောင်း၊ အခြားကုန်ပစ္စည်းဆိုင်များမှာ ပုံမှန်အတိုင်း ဖွင့်လှစ် ရောင်းဝယ်နေကြောင်း အောင်ချမ်းသာဈေးအနီးနေ ထိုင်သူတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဓားပြတိုက်မှုမဖြစ်ပေါ်မီ ရက်ပိုင်းအတွင်း အောင်ချမ်းသာဈေးကို မီးရှို့ရန် ကြံစည်မှုတစ်ခု ဖြစ် ပွားခဲ့ရာတွင် တရားခံကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုသို့ဖြစ်ပြီး ရက်သတ္တပတ်အကြာတွင် ဓားပြတိုက်ခံရမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဇန်န၀ါရီလ ၂၁ ရက် မွန်းလွဲ ၂ နာရီခန့်က မိုးကုတ်မြို့ အောင်ချမ်းသာဈေးရှိ ရွှေဆိုင်နှစ်ဆိုင်တွင် ဓားပြ တိုက် လုယက်ခဲ့ခြင်းဖြစ်ပြီး ရွှေငါးပိဿာခန့် (တန်ဖိုးကျပ် သိန်း ၄၅၀၀ ခန့်) လုယက်ခံခဲ့ရခြင်းဖြစ်သည်။လုယက်သူမှ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

No comments: