Friday, January 24, 2014

သန်းခေါင်စာရင်း ကောက်ခံသည့် ပုံစံကြောင့် တိုင်းရင်းသား ညီညွတ်ရေး ပျက်ပြားနိုင်

KNG

မြန်မာအစိုးရ၏ တိုင်းရင်းသားလူမျိုးအရေအတွက် တိုးပွားပြီး သန်းခေါင်စာရင်းကောက်ယူမည့် အစီအစဉ်သည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုပျက်ပြားစေနိုင်သည်ဟု ကချင်ပါတီခေါင်းဆောင်များ ဝေဖန်ပြောဆိုလိုက် သည်။

“ကချင်ထဲမှာ တိုင်းရင်း သားခွဲလိုက် တာ ၁၂ ခုလောက်ရှိနေတယ်။ ချင်းမှာလည်း ၅၀၊ ရှမ်းမှာလည်း ၄၀၊ ဒီလိုခွဲလိုက်တော့ ဘယ်တိုင်းရင်းသား မှ လည်း မနှစ်သက်ဘူး။ အဲဒါကြောင့် တိုင်းရင်းသားတွေ မနှစ်သက်တာက တမျိုး၊ နိုင်ငံငြိမ်းချမ်းရေး စည်းလုံးညီ ညွတ်ရေး ကိုလည်း ထိခိုက်တယ်။ အဲဒါကြောင့် အဲဒီလို ပွားလိုက်တာဟာ ဘယ်လိုမှ မသင့်တော်ဘူး။” ဟု ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (Kachin State Democracy Party) ခေါင်းဆောင် ဒေါက်တာတူးဂျာ က KNG ကချင်သတင်းဌာန သို့ပြောသည်။

“သူတို့ဘယ်လို ရည်ရွယ်ပြီးလုပ်တယ်ဆိုတာ ကျနော်တို့လည်း မသိရဘူး။ ဒါပေမယ့် အခုလိုတိုင်းရင်းသား လူမျိုး တွေကို ခွဲလိုက်တာဟာ မကောင်းဘူး။ ဒီကနေ့ ကျနော်တို့က စည်းလုံးညီညွတ်ရေးရအောင် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပြောနေချိန်မှာ တိုင်းရင်းသားလူမျိုးတွေအကြား စည်းလုံး ညီ ညွတ်ဖို့ ပိုခက်လာလိမ့်မယ် အဲဒါကြောင့် ကျုံ့နိုင်သလောက်ကျုံ့အောင်လုပ်ရမယ် ကချင်ထဲမှာ အဓိက လူမျိုး ၆ ခုရှိတယ် အခုတက်တိုးလာတဲ့ Nung Rawang နဲ့ ၇ ခုပေါ့ ဒီထက်မပိုဘူး” ဟု ဆက်ပြောသည်။

အစိုးရမှလာမည့်မတ်လမှ စတင်မည့် သန်းခေါင်စာရင်းကောက်ခံမည့် ပုံစံများသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပျက်ပြားစေနိုင်ကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကချင်ဒီမိုကရက်တစ်ပါတီ (Kachin Democratic Party) ခေါင်းဆောင် ဦးဂွမ်ကရောင်အောင်ခမ်း (Salang Gumgrawng Awng Hkam) မှ KNG ကချင်သတင်းဌာန သို့ပြောသည်။

“တကယ်တမ်းကျတော့ Kachin community အရင်ဝင်ပြီး ဘယ်လိုလုပ်ရင် ကောင်းမယ် တာကိုအရင်လုပ်ပြီး တိုင်းရင်းသားလူမျိုးတွေရဲ့ ခေါင်းစဉ်တွေ ရွေးပြီးလုပ်ရင်ပိုကောင်းမှာဟုတ်တယ် ဒါမဲ့ သူတို့က Code နံပါတ်တွေပေးတာဟာ ကျနော်တို့အတွက်လည်းခက်လာတယ် ကျနော်တို့လည်းဒီလိုဖြစ်ရင် ကွဲပြားမှုတွေ ဖြစ်လာမှာကို မလို လား ဘူး ဖြစ်ခိုင်းစေချင်တာက ကချင်ဆိုသည့်အောက်မှာ ကချင်ကို Code နံပါတ်မပေးပဲ သည်ထဲမှာ ဂျိန်ဖော၊ မရူ၊ လရှီ၊ အဇီး၊ ရဝမ်၊ လီဆူး၊ ဆိုပြီးကောက်ပြီး မရူလူဦးရေဘယ်လောက်ရှိတယ် ကချင်ဘယ် လောက်ရှိ တယ် ဆိုတာက ကိစ္စမရှိဘူး အဲဒါကို စုစုပေါင်းကချင်လူဦးရေဘယ်လောက်ဆိုတာမျိုးဖြစ်စေချင်တယ် အခုက ကချင်ကို code နံပါတ်တခုပေး၊ မရူကိုလည်းပေး၊ ကချင်ကိုလည်းပေး၊ ဂျိန်ဖောကိုလည်းပေး၊ ကော်ရီကိုလည်းပေးဆိုတော့ ကျနော်တို့အတွက်မကောင်း ပြည်သူလူထုအတွက် စိုးရိမ်မှုတွေရှိလာတယ် မကောင်းဘူး အစိုးရကနေ ကချင်လူ့ အဖွဲ့အစည်းတွေမှာ အရင်ဝင်ပြီး ဆွေးနွေးပြီးလုပ်ရင်ပိုကောင်းမယ်လို့”
လာမည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုကို မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

သန်းခေါင်စာရင်း ကောက်ယူမှုတွင် ကချင်မျိုးနွယ်စုများအားလုံး ‘ကချင်’ အမည်ဖြင့် စာရင်း ထည့်သွင်း ရန် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာတွင်ဒီဇင်ဘာလ ၁၇-၁၈ ရက်နေ့တွင် ပြုလုပ်သော အစည်းအဝေးတွင် ကချင် 101 ဆိုတဲ့ code နံပါတ်မှာ ထည့်သွားဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

No comments: