Friday, January 24, 2014

ပင်လောင်းတွင် ကျပ်သိန်းလေးထောင်ကျော် တန်ဖိုးရှိ ဘိန်းချက်စခန်းနှင့် ဘိန်းများဖမ်းမိ

ဂျွန်ချစ်ငြိမ်း

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ အနောက်ဘက်ရှိ လုံးဟူးတောင်တန်းပေါ်တွင် ဘိန်းချက်စခန်းများနှင့် နန်းနိမ့်ကျေးရွာမှ ဘောရန် ကျေးရွာဘက်သို့လာသော ဆိုင်ကယ်များတွင် ဘိန်းစိမ်းများကို ဇန်န၀ါရီ ၂၀ ရက်တွင် တစ်ရက်တည်း ဖမ်းဆီးရမိခဲ့ပြီး ကျပ်သိန်းလေးထောင် တန်ဖိုးရှိ သည်ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ ဘိန်းချက်စခန်းများသည် နန်းနိမ့်ကျေးရွာ အနောက်ဘက် နှစ်မိုင်ခန့်အကွာ တောင်တန်းပေါ်တွင် တည်ရှိပြီး ဘိန်းညိုမှုန့်ချက်လုပ်သည့် စခန်းတစ်ခုကို ဇန်န၀ါရီ ၂၀ ရက် နံနက်ပိုင်းက ၀င်ရောက် ဖမ်းဆီးခြင်းဖြစ်သည်။

ဖမ်းဆီးရာတွင် ၄၈ သိန်းကျော် တန်ဖိုးရှိ ပစ္စည်းများနှင့်အတူ လူနှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။ ယင်းအပြင် တဲနှစ်လုံးတွင်လည်း ကျပ်သိန်း ၁,၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းနှင့် ဘိန်းချက်ပစ္စည်းများ၊ ကျပ်သိန်း ၂,၄၀၀ တန်ဖိုးရှိသော ဘိန်းရည်ကန်များကို ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ပေ ၂၀ ပတ် လည်ခန့် မိုးကာတဲ အပြာရောင်ဖြင့် ဘိန်းညိုမှုန့် ချက်လုပ်နေသည့် တပေးနှင့် တနိုင်တို့ထံမှ ဘိန်းဆီခဲ အလေးချိန် နှစ်ကီလို (တန်ဖိုး ကျပ်သိန်း ၄၀ ခန့်) ဘိန်းရည် အလေးချိန် ၂၀ လီတာ (တန်ဖိုး ကျပ်ရှစ် သိန်းခန့်)နှင့် အမိုနီယမ်ကလိုရိုဒ် ၁ ဒသမ ၆ ကီလို (တန်ဖိုးကျပ် ၃၂,၀၀၀)တို့ကို သိမ်းဆည်းရမိသည်။
ဘိန်းချက်စခန်းမှ ဘိန်းချက်ပစ္စည်းများအပြင်၊ ဘိန်းစုစုပေါင်းတန်ဖိုးကို တွက်ချက်ပါက ကျပ်သိန်းပေါင်း ၃,၅၀၀ ခန့်တန်ဖိုးရှိသည်။

ယင်းအပြင် ဇန်န၀ါရီလ ၂၀ ရက် နံနက် ၄ နာရီက နန်းနိမ့်ကျေးရွာမှ ဘောရန်ကျေးရွာဘက်သို့ လာသည့် ဆိုင်ကယ်များကို စစ်ဆေးရာ ကျပ်သိန်း ၅၈၀ ကျော် တန်ဖိုးရှိ ဘိန်းစိမ်းထုတ်များ ဖမ်းဆီးရမိခဲ့ သည်ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်သည်။

ဆိုင်ကယ်မောင်းနှင်လာသူတို့မှာ စိုးမောင်၊ မောင်ကိုး၊ ကိုရင်၊ မောင်ကိုနှင့် မိုးမြတ်တို့ဖြစ်ပြီး ဘိန်းစိမ်း ၇၆ ထုပ်၊ စုစုပေါင်းအလေးချိန် ၈၉ ဒသမ ၉ ကီလို (တစ်ကီလို ၆ဒသမ၅ သိန်းနှုန်းဖြင့် တန်ဖိုးငွေ ကျပ် ၅၈၄ဒသမ၃၅ သိန်း) ကို ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးတစ်ဦးက “ဘိန်းချက်စခန်းကို ဦးစီးလုပ်ကိုင်သူလို့ ယူဆရတဲ့ လွန်း မောင်နဲ့ သီဟတို့တော့ ထွက်ပြေးတိမ်းရှောင်နေပါတယ်။ သူတို့ကို ဖမ်းဆီးရမိအောင်လည်း ကျွန်တော် တို့ ပူးပေါင်းအဖွဲ့တွေနဲ့ ဆက်လက်စစ်ဆေးဆောင်ရွက်နေပါတယ်”ဟု မဇ္ဈိမကို ဖုန်းဖြင့် ပြန်လည်ဖြေ ကြားသည်။

ထို့ကြောင့် ဘိန်းချက်စခန်းနှင့် ဘိန်းသယ်ဆောင်လာသည့် ဖြစ်ရပ်နှစ်ခုပေါင်းအတွက် သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်း စုစုပေါင်း ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၄,၁၃၀ ဖြစ်ပြီး အမှုနှင့်ပတ်သက်၍ ကွင်းဆက်တရားခံများ ဖော်ထုတ်ရရှိရေး အမှုဖွင့်လှစ်ဆောင်ရွက်လျက်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ မိုးမြတ်၊ မောင်ကို့၊ စိုးမောင်၊ တပေး၊ တနိုင်တို့ကို မူးယစ်ဆေးနှင့်စိတ်ကို ပြောင်းလဲစေသော ပုဒ်မ ၁၅/၁၉(က) ဖြင့်အမှုဖွင့်ထားပြီး ထွက်ပြေးတိမ်းရှောင်နေသူ လွန်းမောင်နှင့် သီဟတို့ကိုလည်း ၁၉(က) ၂၀ (ခ) ၂၂ (ခ) ၂၁ တို့ဖြင့် ပင်လောင်းမြို့နယ် ရဲစခန်းက အမှုဖွင့်ထားသည်။

No comments: