Wednesday, January 8, 2014

ဒုက္ခသည်ပြန်လည်ချထားမည့်ဒေသ မြေမြုပ်မှိုင်းများရှိနေ

ဖြိုးဝေအောင်

တတိုင်းတပြည်လုံး အပစ်ခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးပြီးမှသာလျင် နယ်စပ်ဒုက္ခသည်များ ပြန်လှည်နေရာ ချထားမည့် ဒေသရှိ မြေမြုပ်မှိုင်းများ ရှင်းလင်းနိုင်မည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ - KNPP က လူထုနှင့် တွေ့ဆုံချိန် အတောတွင်းပြောသည်။

တတိုင်းတပြည်လုံး အပစ်ခတ်ရပ်စဲရေးမသွားခင် ဇွန်လ ၆ ရက်မှ ၈ ရက်နေ့အထိ ကယား(ကရင်နီ)ပြည် လွိုင်ကော်၊ ဒီးမော့ဆိုနှင့်ဖရူဆိုမြို့နယ်ရှိ နေရာကိုးခုတွင် KNPP မှ လူထုတွေ့ဆုံပွဲများပြုလုပ်လျက်ရှိပြီး ဒုက္ခသည်များ ပြည်တွင်းသို့ ပြန်လာနေထိုင်နိုင်ရန် အစိုးရနှင့်သဘောတူ လျာထားသောနေရာဒေသ သည် မြေမြုပ်မှိုင်းများရှိနေကြောင်း ကန္တာရ၀တီတိုင်း(မ်) အား ယခုလိုပြောသည်။

အဆိုပါဒေသတွင် “မှိုင်းမရှင်းရသေးဘူး။ ကျနော်တို့က တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးပြီး ပြီးမှ နိုင်ငံရေး ဆွေးနွေးလို့ ပြီးတဲ့ အချိန်မှသာလျှင် နှစ်ဖက်လုံးကတော့ လက်ခံနိုင်တဲ့အချိန်ကြမှ မြေမြုပ်မှိုင်းရှင်းလင်းကြမယ်”ဟု KNPP ဗဟိုကော်မီတီဝင် ခူးခဲလေက ပြောသည်။

ဒုက္ခသည်များ ပြန်လာနေထိုင်နိုင်ရေးအတွက် အစိုးရနှင့် KNPP တို့မှ ရှားတောမြို့နယ်တွင်းရှိ ဒေါတခဲဒေသတခုအား နာမူနာအဖြစ်သာ သဘောတူထားခြင်းဖြစ် ပြန်လှည်နေထိုင်မည့်အဆင့်အား အစိုးရနှင့် ဆွေးနွေးမှု မပြုလုပ်ရသေးကြောင်း ဆက်ပြောသည်။

“အဲဒါတော့ ညှိနှိုင်းမှုမလုပ်ရသေးဘူး ။ အခုက ကျနော်တို့ အပစ်ခက်ရပ်စဲရေး အချက် (၂၀) တောင်မှ သဘောတူညီချက်လောက်ပဲ ရှိတယ်။ ဆုံးဖြတ်ချက်လောက်ပဲ ရှိသေးတယ်။”


ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင် အမှတ်(၁)နှင့် အမှတ် (၂) စခန်း၂ ခုမှာ ဒုက္ခသည်ပေါင်း ၃၀၀၀၀ ကျော် နေထိုင်လာခဲ့ကြရာ လက်ရှိ တတိယနိုင်ငံသို့ တသောင်းကျော် သွားရောက် အခြေချနေထိုင်ခဲ့ပြီဖြစ်သော်လည်း ၁၆၀၀၀ ကျော်တို့မှာ နယ်စပ်တွင် ကျန်ရှိနေသေးသည်။

မိမိနေရပ်ရင်းသို့ပြန်လိုကြသည့် ဒုက္ခသည်များအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်အား အနီးကပ်လေ့လာ စောင့်ကြည့် မှုများ ပြုလုပ်လျက်ရှိနေသည့်အတွက် လက်ရှိနှစ်ဦးနှစ်ဘက်မှ မရှင်းလင်းနိုင်သေးသည့် မြေမြုပ်မှိုင်းကိစ္စ၊ ဒုက္ခသည်များဘ၀ဖူလုံရေး၊ လုံခြုံရေး၊ ပညာရေးနှင့် ကျန်းမာရေးကိစ္စရပ်များအား ပြေလည်နိုင်မည့်အခြေအနေ မှသာ ပြန်လှည်အခြေချရေးကိစ္စကို စဉ်းစားနိုင်မည်ဟု ကရင်နီအမှတ် - ၁ ဒုက္ခသည်စခန်းကော်မီတီက ဆိုသည်။

"အခုပြန်လို့ရှိရင်လဲ လောလောဆယ်လုံခြုံမှုမရှိဘူးဆိုတာဒီလိုပါ… ပြည်တွင်းမှာလဲ မငြိမ်သက်သေးဘူး… တချိန်လုံးလိုလိုဘဲ ဆန္ဒပြတာတွေဘာတွေ ရှိတယ်လေ။ သူတို့မကျေနပ်ချက်တွေ… အစိုးရကလဲအဲ့ဒါကို ကောင်းကောင်းမဖြေရှင်းပေးနိုင်သေးဘူး"ဟု ကရင်နီအမှတ် - ၁ ဒုက္ခသည်စခန်းကော်မီတီပြောခွင့်ရ ဦးအောင်မောင်းက ပြောသည်။

အစိုးရနှင့် KNPP အပစ်ခတ်ရပ်စဲရေးယူထားသည့်ကာလအတောအတွင်း ၂၀၁၃ ခုနှစ်မေလ ၁ရက်နေ့က ရှားတောမြို့နယ်အတွင်း မြေမြုပ်မှိုင်းပေါက်ကွဲမှုကြောင့် ရွာသား ၄ ဦးဓဏ်ရာရရှိခဲ့သည်။

No comments: