Sunday, January 26, 2014

၂၀၁၄ မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲတွင် ဒိုင်လူကြီး ၅၀ ဦး တာဝန်ယူကိုင်တွယ်မည်

သောကြာ

ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပမည့် ၂၀၁၄ မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲတွင် ဒိုင်လူကြီး ၅၀ ဦးမှ တာဝန်ယူကိုင်တွယ်မည်ဟု မြန်မာနေရှင်နယ်လိဂ် ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်က မဇ္ဈိမသို့ ပြောသည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ကျင်းပရေးကော်မတီမှ ၂၀၁၄ ဘောလုံးရာသီတွင် နေရှင်နယ်လိဂ် ပွဲစဉ် တစ်ပွဲကိုင်တွယ်ပါက ကွင်းလယ်ဒိုင်လူကြီးတစ်ဦးအတွက် ငွေကျပ် ၈၀,၀၀၀ နှင့် စည်းကြပ်ဒိုင်လူကြီး တစ်ဦးလျှင် ငွေကျပ် ၅၀,၀၀၀ တို့ကို ပေးအပ်မည် ဖြစ်သည်။ ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်က “ဒီနှစ် နေရှင်နယ်လိဂ် ပြိုင်ပွဲအတွက် ဒိုင်လူကြီးအယောက် ၅၀ မှာ ကွင်းလယ်ဒိုင်လူကြီးက အယောက် ၂၀ နဲ့ စည်းကြပ်ဒိုင်က အယောက် ၃၀ လောက်ပါမှာပါ။ ဒိုင်လူကြီးရဲ့ အဆင့်အတန်းကိုတော့ ဒိုင်တွေရဲ့ လုပ်ရည်ကိုင်ရည်ပေါ်မှာကြည့်ပြီး ဆုံးဖြတ်ပါတယ်။ မျိုးဆက်သစ် လူငယ်ဒိုင်လူကြီးတွေ ထွက်ပေါ်လာဖို့ အတွက်လည်း ပြည်နယ်နှင့်တိုင်းတွေမှာ တစ်နှစ်ကို ဒိုင်လူကြီးသင်တန်း သုံးကြိမ်လောက်ဖွင့်ပါတယ်။ ဒိုင်လူကြီးဖြစ်ပြီးသားလူတွေကိုလည်း ဘောလုံးပြိုင်ပွဲတွေ နားတဲ့အခါမျိုးမှာ ဒိုင်လူကြီးမွမ်းမံသင်တန်း တွေပို့ချပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိကျင်းပလျက်ရှိသည့် လူငယ်ဘောလုံးပြိုင်ပွဲ၊ လိဂ်(၂) ဘောလုံးပြိုင်ပွဲများအတွက် ယခုနှစ်တွင် ဒိုင်လူကြီး ၆၀ ဦးခန့်အသုံးပြုရန် ဒိုင်အဖွဲ့ချုပ်က ဆုံးဖြတ်ထားပြီး ယခုနှစ်အတွင်း စတင်လာ ဖွယ်ရှိသည့် အမျိုးသမီးလိဂ်ပြိုင်ပွဲအတွက်လည်း အမျိုးသမီးဒိုင်လူကြီး ၂၅ ဦးခန့် အသင့်ရှိနေပြီးဖြစ် သည်။

No comments: