Monday, January 6, 2014

တရုတ် – မြန်မာ နယ်စပ် မူဆယ် ၁၀၅ မိုင်ဇုန် ကုန်သွယ်မှု ယခင်နှစ်ထက်ပု

သစ်နေမိုး

ယခုဘဏ္ဍာနှစ် အတွင်း လက်ရှိကာလအထိ တရုတ် – မြန်မာ နယ်စပ် မူဆယ် ၁၀၅ မိုင်ဇုန် ကုန်သွယ်မှု ပမာဏသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကုန်သွယ်မှု စုစုပေါင်းထက် ပိုရရှိနေပြီ ဖြစ်ကြောင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်၏ ကုန်သွယ်မှု ပမာဏ စုစုပေါင်း ရရှိငွေမှာ ၂. ၈ ဘီလီယံ နီးပါး ရှိခဲ့ပြီး ယခုနှစ် ၂၀၁၃ – ၂၀၁၄ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန် အထိ ကုန်သွယ်မှုမှ ရရှိငွေမှာ စုစုပေါင်း ၂. ၉ဘီလီယံ ရရှိနေသည့် အတွက် ယခု ဘဏ္ဍာနှစ် ကုန်သည့် ဧပြီလဆန်း အထိ ကုန်သွယ်မှုမှ ၀င်ငွေမှာ သိသာစွာ ပိုမိုမြင့်နိုင်မည်ဟု ခန်မှန်းထားကြသည်။

“မနှစ်က ထက်တော့ အခုလမှာပဲ သာသွားပါပြီ၊ လယ်ယာ ထွက်ကုန်တွေ ပိုပြီး ပို့လာနိုင်တဲ့ အနေအထားပါ၊ ကျောက်စိမ်း လည်း ပါပါတယ်” ဟု မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ချိုမာကျော်က ဧရာဝတီသို့ ပြောသည်။

လက်ရှိ ကုန်သွယ်မှုမှ ရရှိထားသည့် စုစုပေါင်း ကုန်သွယ်မှု ၀င်ငွေ ၂. ၉ ဘီလီယံတွင် ပို့ကုန် တန်ဖိုးမှ ရရှိသည့် ၀င်ငွေသည် ၂ ဘီလီယံ ဖြစ်ပြီး သွင်းကုန် တန်ဖိုးမှ ၀. ၉ ဘီလီယံ ရရှိထားကြောင်း ၎င်းက ဆိုသည်။

“ပို့ကုန်က ပိုပြီးများပါတယ်။ ပို့ကုန်တန်ဖိုး စုစုပေါင်း ၂ ဘီလီယံမှာ ကျောက်စိမ်းက ၀. ၈ ဘီလီယံလောက် ရှိမယ်” ဟု ဒေါ်ချိုမာကျော်က ပြောသည်။

နယ်စပ် ကုန်သွယ်မှုတွင် လယ်ယာ ထွက်ကုန်များ ပိုမို တင်ပို့လာနိုင်သည့် အခြေအနေ ဖြစ်ပြီး တရုတ်နိုင်ငံမှလည်း မြန်မာပြည်မှ တင်ပို့သည့် လယ်ယာထွက်ကုန် ပစ္စည်း အမျိုးအစားပေါင်း ရှစ်ထောင်ကျော်ကို ယခုနှစ်အတွင်း အခွန် ကင်းလွတ်ခွင့် ပြုထားကြောင်း သိရသည်။

တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်မှုတွင် တရားမ၀င် ကုန်သွယ်မှု ပိုမိုမြင့်တက်နေပြီး အစိုးရသစ် လက်ထက်၌ ဖွဲ့စည်း ထားသော တရားမ၀င် ကုန်သွယ်မှု ထိန်းချုပ်ရေး အဖွဲ့ (Mobile Team) မှ စစ်ဆေး အရေးယူမှုများ ပြုလုပ် နေသည့် အချိန်တွင် သစ်နှင့် ကျောက်မျက်များအား ထိန်းသိမ်း ဖမ်းဆီးရရှိမှုမှာ လစဉ် ရှိနေကြောင်း မန္တလေး-မူဆယ် လမ်းကြောင်းပေါ်ရှိ Mobile Team ၏ လက်ထောက် ညွှန်ကြားရေးမှူး ဦးနိုင်ထွန်းက ဧရာဝတီသို့ ပြောသည်။

“အရင်ကထက် ပိုပြီး များလာတယ်၊ အခု ဖမ်းမိတာတွေ ဆိုရင် ကျောက်မျက်တွေနဲ့ လျှပ်စစ်ပစ္စည်းတွေ များတယ်” ဟု ၎င်းက ဆိုသည်။

Mobile Team အနေဖြင့် တရုတ်-မြန်မာ နယ်စပ်၌ ဖမ်းဆီး ရမိသည့် ဖြစ်စဉ်များတွင် ဒီဇင်ဘာလ အတွင်း၌ သစ်နှင့် ပတ်သတ်သော အမှုများမှာ အများဆုံးဖြစ်ပြီး ကျောက်မျက်နှင့် ရှေးဟောင်းပစ္စည်း ဖမ်းဆီးမှုများ ပါရှိသည်ကို ထုတ်ပြန်ချက် စာရင်း ဇယားများအရ သိရသည်။

အဆိုပါ အဖွဲ့မှ ဖမ်ဆီးစစ်ဆေး အရေးယူမှုများ လုပ်ဆောင်ရာ၌ လက်ရှိနှစ်ကုန်ပိုင်း နောက်ဆုံး သုံးလအတွင်းတွင် ဒီဇင်ဘာလ၌ အမှုတွဲပေါင်း ၅၆ မှုအထိ ရှိခဲ့ပြီး အမှုဖြစ်ပွားမှု အများဆုံးလ ဖြစ်သည်ဟု တာဝန်ရှိသူ တဦးက ဆိုသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၏ နှစ်စဉ် အလိုက် တရုတ် – မြန်မာ ကုန်သွယ်မှု ပမာဏကို ကြည့်မည် ဆိုပါက ပြီးခဲ့သည့် ၂၀၁၁ – ၂၀၁၂ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ၂၇၆၈. ၈၈၈ သန်း ကုန်သွယ်မှု ပြုနိုင်ခဲ့ပြီး ၂၀၁၂ – ၂၀၁၃ ဘဏ္ဍာ နှစ်တွင် အမေရိကန် ဒေါ်လာ ၂၇၃၆. ၅၂၅ သန်း (၂.၈) ဘီလီယံ နီးပါး ကုန်သွယ်မှု ပြုနိုင်ခဲ့သည်ကို တွေ့ရသည်။

ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွက် မူဆယ် ၁၀၅ မိုင်ဇုန် ကုန်သွယ်မှု လျာထားချက် ပမာဏသည် အမေရိကန် ဒေါ်လာ ၄ ဘီလီယံ ဖြစ်ပြီး လျာထားချက် ပြည့်မီနိုင်ရန် ဘဏ္ဍာနှစ် လက်ကျန် လပေါင်း သုံးလကျန် ရှိနေသေးသည်ကို တွေ့ရသည်။

No comments: