Thursday, January 23, 2014

မြန်မာ့ဥပဒေများ ရှေ့နောက်မညီဟု လူ့အခွင့်အရေးအဖွဲ့ ထောက်ပြ

ကောင်းကင်ကို

မြန်မာနိုင်ငံ၏ဥပဒေများသည် ရှေ့နောက်ညီညွတ်မှုမရှိဘဲ အချို့ကိစ္စရပ်များတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေ သူများကိုပင် ဖမ်းဆီးလျက်ရှိနေသည်ဟု အမေရိကန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့ လာရေးအဖွဲ့ (HRW) က ဇန်န၀ါ ရီ ၁၁ ရက်က ထုတ်ပြန်သည့် World Report ၂၀၁၄ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“၂၀၁၃ ခုနှစ်အတွင်း မီဒီယာလွတ်လပ်ခွင့် ဆက်လက်တိုးတက် ကောင်းမွန်လာလျက်ရှိသော်လည်း၊ မြန်မာအစိုးရသည် မကြာသေးမီက ရရှိထားသော တိုးတက်မှုများ နောက်ပြန်ဆုတ်သွားစေနိုင်သည့် ဥပ ဒေသစ်များအား ပြဋ္ဌာန်းနိုင်ရန် ကြိုးစားခဲ့ကြောင်း၊ နှစ်ပတ်လည်အစီရင်ခံစာ ပြုစုနေသည့်အချိန်တွင် တွေ့ရှိခဲ့ရသည်”ဟု အစီရင်ခံစာတွင် ရေးသားထားသည်။

၂၀၁၃ ခုနှစ်အတွင်းတွင် မြန်မာအစိုးရသည် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သော်လည်း၊ HRW ၏ နှစ်ပတ်လည်အစီရင်ခံစာကို ပြုစုနေချိန်၌ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်း သား ၆၀ ခန့် ကျန်ရှိနေသေးကြောင်းလည်း အစီရင်ခံစာထဲတွင် ထောက်ပြထားသည်။


အခြေခံလွတ်လပ်ခွင့်နှင့် ဥပဒေများ

မြန်မာနိုင်ငံ၏ ဥပဒေများနှင့်ပတ်သက်၍ HRW က ရေးသားထားရာတွင် ဖိနှိပ်ချုပ်ခြယ်သော ဥပဒေအ များအပြား ရုပ်သိမ်းခြင်းနှင့် ပြုပြင်ခြင်းများ မပြုလုပ်ရသေးသလို၊ အချို့ဥပဒေများကိုအသုံးပြု၍ တက်ကြွ လှုပ်ရှားသူများကို ဖိနှိပ်လျက်ပင် ရှိနေသေးသည်ဟု ရေးသားထားသည်။ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်း ချမ်းစွာ စီတန်းလှည့်လည်ဆန္ဒပြခွင့် ဥပဒေများနှင့်ပတ်သက်၍လည်း ၂၀၁၃ ခုနှစ်အတွင်းတွင် မြန်မာ အာဏာပိုင်များအနေဖြင့် အချို့ဆန္ဒပြမှုများကို ခွင့်ပြုခဲ့ပြီး အချို့ကိုမူ ခွင့်မပြုခဲ့ဟု HRW က ဖော်ပြထား သည်။

လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် ဥပဒေနှင့်ပတ်သက်၍လည်း လွတ်လပ်ခွင့်ကို ကန့်သတ်ချုပ် ခြယ်နိုင်သည့် အနေအထားများ ရှိနေသေးကြောင်း HRW က ဆိုသည်။ သတင်းမီဒီယာဥပဒေနှင့်ပတ် သက်၍မူ စာနယ်ဇင်းကောင်စီ၏ ဥပဒေကြမ်းကို အစိုးရက ပယ်ချထားခဲ့ပြီး ၂၀၁၃ ခုနှစ်ထဲတွင် အဆိုပြု ခဲ့သည့် ဆက်သွယ်ရေးဥပဒေကြမ်းထဲတွင်လည်း အခြေခံအခွင့်အရေးများကို ခြိမ်းခြောက်နိုင်သည့် အ ချက်အလက်များ ပါဝင်နေသည်ဟု HRW က ရေးသားသည်။


တိုင်းရင်းသားရေးရာနှင့်ငြိမ်းချမ်းရေးအခြေအနေ

လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိခဲ့သော်လည်း ၂၀၁၃ ခုနှစ်အတွင်း တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိ နေကြောင်း ဖော်ပြထားသည်။ နိုင်ငံတော်အဆင့် အာဏာပိုင်များက ခွင့်ပြုထားပြီးဖြစ်သည့်၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ၀င်ရောက်ပေးအပ်ခွင့်ကို ဒေသတွင်း မြန်မာတပ်မှူးအချို့က ငြင်းပယ်ခဲ့မှု များ ရှိခဲ့ခြင်းကြောင့်လည်း ဒုက္ခသည်များ အကူအညီအလုံအလောက် မရရှိဟု HRW က ရေးသားထား သည်။

အစိုးရသည် ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် အပစ်အခတ်ရပ်စဲရေးကို ပမာဏသဘောတူ ညီချက်ကို မတ်လအတွင်းက ရရှိခဲ့သော်လည်း ဒေသအတွင်း မြန်မာစစ်တပ်က အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေသေးသည်ဟု HRW က ထောက်ပြထားသည်။ ရှမ်း ပြည်နယ်မြောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် ကချင်၊ ရှမ်း၊ ပလောင်သူပုန်များအကြား တိုက်ပွဲဖြစ်ပွားမှု များလည်း ရှိခဲ့ရာ အရပ်သားများအနေဖြင့် အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရပြီး၊ အရပ်သားများအပေါ် တိုက်ခိုက်မှုများကိုလည်း နှစ်ဖက်စလုံးမှ ကျူးလွန်ခဲ့ကြသည်ဟု HRW က ဖော်ပြထားသည်။


လွှတ်တော်အခြေအနေ

မြန်မာနိုင်ငံ၏ လွှတ်တော်အနေဖြင့် လေ့လာသူများ ကြိုတင်ခန့်မှန်းထားခဲ့သည်ထက် ပိုမို၍ သက်ဝင် လှုပ်ရှားမှုရှိခဲ့ကာ၊ စစ်ဘက်မှ မြေယာသိမ်းမှု၊ အခြေခံဥပဒေ ပြုပြင်ရေးနှင့် တရားဥပဒေစိုးမိုးရေး စသည့် ကိစ္စရပ်များကို လွှတ်တော်တွင် ပွင့်လင်းစွာ ဆွေးနွေးမှုများ ရှိခဲ့သည်ဟု HRW ၏ အစီရင်ခံစာတွင် ရေး သားထားသည်။

အကြမ်းဖက်မှုနှင့် ပဋိပက္ခများ၂၀၁၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် မိတ်္ထီလာအဓိကရုဏ်းနှင့်ပတ်သက်၍ ပဲခူး၊ ဥက္ကံနှင့် လားရှိုးမြို့များတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို ထောက်ပြထားပြီး အကြမ်းဖက်မှုတွင် တက် ကြွစွာ ပါဝင်ကျူးလွန်သူများရှိခဲ့သည်ဟု HRW က ဆိုသည်။ သို့သော် ပါဝင်ကျူးလွန်သူများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက အရေးယူအပြစ်ပေးခြင်း အစီရင်ခံစာ ရေးသားနေစဉ်အချိန်အထိ မရှိသေးဟုလည်း HRW က ထောက်ပြထားသည်။


နိုင်ငံတကာဆက်ဆံရေး

မန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားခဲ့မှုအများစုကို ၂၀၁၃ တွင် ရုပ်သိမ်းပေးခဲ့ခြင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်များနှင့် ချိတ်ဆက်၍ အစီအစဉ်များ ချဲ့ထွင်ကာ နိုင်ငံတကာအသိုင်း အ၀ိုင်းတွင် ပိုမိုပါဝင်ဆောင်ရွက်လာခြင်း၊ အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ သြစတြေးလျ၊ ဂျပန် စသည့် နိုင်ငံများမှ လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီများ ပိုမိုရယူနိုင်ခဲ့ခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာခြင်း၊ သမ္မတဦးသိန်းစိန် အမေရိကန်၊ ဥရောပနှင့် သြစတြေးလျနိုင်ငံများ သို့ သွားရောက် လည်ပတ်နိုင်ခဲ့ခြင်းတို့ကို ဖော်ပြထားသည်။

No comments: