Thursday, January 9, 2014

ဧရာဝတီတိုင်းလွှတ်တော်သို့ လယ်မြေပြဿနာ တိုင်ကြားမှု အများဆုံးရှိနေ

မင်းမင်း

ဧရာဝတီတိုင်း လွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းထားသည့် “တိုင်ကြားစာနှင့် အသနားခံစာကော်မတီ” သို့ ပြည်သူများ တိုင်ကြားထားသော အမှုများတွင် လယ်ယာမြေပြဿနာအမှု အများဆုံးဖြစ်နေသည်ဟု ကော်မတီ၏ အတွင်းရေးမှူးဖြစ်သူ လပွတ္တာမြို့နယ်အမတ် ဦးဇော်ဝင်းက မဇ္ဈိမကို ပြောဆိုလိုက်သည်။

“တိုင်စာပေါင်း နှစ်ရာလောက်ရှိတဲ့အနက်က တစ်ရာ့ငါးဆယ်လောက်က လယ်ယာမြေပြဿနာတွေ ဖြစ်နေတယ်”ဟု ဦးဇော်ဝင်းက ပြောသည်။

တိုင်ကြားစာနှင့် အသနားခံစာကော်မတီကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလဆန်းပိုင်းက စတင်ဖွဲ့စည်းခဲ့သည့်အတွက် အထက်ပါတိုင်ကြားစာများမှာ နှစ်လအတွင်း တိုင်ကြားထားသည့် စာများ ဖြစ်သည်။ ကော်မတီ၏ တာဝန်မှာ ပြည်သူများ တိုင်ကြားလာသည့် စာများကို မှန်ကန်မှုရှိမရှိ ပြန်လည်စိစစ်ရပြီး သက်ဆိုင်ရာဝန်ကြီးဌာနများကို တင်ပြပေးရမည်ဖြစ်သည်။

ယခုတိုင်ကြားထားသည့် လယ်ယာမြေပြဿနာများမှာ စစ်တပ်နှင့်ကုမ္ပဏီ သိမ်းထားသည့် အမှုအနည်း ငယ်သာပါပြီး အများစုမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရလက်ထက်က တာဝန်ကျေ စပါးမပေး နိုင်၍ သိမ်းထားသော လယ်များ၊ လယ်သမားချင်း ပေါင်နှံပြီး သိမ်းထားသော လယ်များ၊ မိသားစုချင်း အ မွေခွဲရာမှ မကျေလည်ဖြစ်သော လယ်များဖြစ်သည်။

“ရှင်းဖို့မလွယ်တဲ့ ကိစ္စတွေဗျ။ လွတ်လပ်ရေးရပြီးကာစ ၁၉၄၉ ခုနှစ်လောက်က အမှုတစ်ခုတောင်ပါသေး တယ်”ဟု ဦးဇော်ဝင်းက ပြောသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ငပုတောမြို့နယ် တိုင်းအမတ် ဦးအေးကြည်ကမူ “မြေယာမှုခင်းတွေ ဖောင်းပွနေ တာဟာအခုအချိန်ထိ မြေစာရင်းဝန်ထမ်းအချို့ကြောင့် ဖြစ်ပေါ်နေရတယ်။ လက်လုပ်လက်စားလေးတွေ ကို ဘာမှထိထိရောက်ရောက် မဖြေရှင်းပေးဘူး”ဟု ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကုန်ပိုင်းက မဇ္ဈိမကို ပြော ဆိုထားသည်။

သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း လယ်ယာမြေပြဿနာများအတွက် လမ်းပေါ်ထွက် ဆန္ဒပြမှုများ နေရာဒေသအသီးသီးတွင် ရှိနေဆဲဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်က ယင်းအရေးကို ဖြေရှင်းရန် ၂၀၁၂ ခုနှစ်အတွင်း ကော်မရှင်ဖွဲ့စုံစမ်းခဲ့ပြီး အမှုတွဲပေါင်း ၇၄၅ မှုစုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။

၂၀၁၃ ခုနှစ်အတွင်း အစိုးရက အမှုတွဲငါးခုကိုသာ ဖြေရှင်းနိုင်သေးသည်ဟု နိုဝင်ဘာလအတွင်း ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သည့် အစီရင်ခံစာက ဆိုသည်။

No comments: