Friday, January 3, 2014

City Mart အပါအဝင် ဆိုင်အချို့တွင် နိုင်ငံခြားဖြစ် အဖျော်ယမကာများ ပြန်လည်ရောင်းချ

သီဟကိုကို

တရားမဝင်ကုန်သွယ်ရေး တားဆီးရေးအဖွဲ့၏ ဖမ်းဆီးမှုကြောင့် နိုင်ငံခြားဖြစ် အဖျော်ယမကာများကို ရောင်းချမှု များ ရပ်ဆိုင်းထားရာမှ ယခုနှစ်ဆန်းတွင် အရောင်းဆိုင်များနှင့် စူပါမားကတ်အချို့၌ ပြန်လည်ရောင်းချနေကြပြီ ဖြစ်သည်။

နိုင်ငံခြားဖြစ် အဖျော်ယမကာရောင်းချမှု ရပ်ဆိုင်းထားခဲ့သည့် ဆိုင်များအနက် တစ်ခုအပါအ၀င်ဖြစ်သည့် City Mart စူပါမားကတ် အနေဖြင့် ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ကာ ပြန်လည်ရောင်းချနေပြီ ဖြစ်ကြောင်း City Mart Holding Co.Ltd; ၏ ပြောရေးဆိုင်ခွင့် ရှိသူ ဒေါ်မေဇင်စိုးထက် က ဇန်န၀ါရီ ၂ရက်တွင် မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

ဒေါ်မေဇင်စိုးထက်က "ပြည်တွင်းကနေ တရားဝင် Import Licence (သွင်းကုန်လိုင်စင်) ရထားတဲ့ Co Ltd; ကနေ တင်သွင်းလာတာကိုရာင်းချတယ်။ Market Demend (ဝယ်လိုအား) များတာကြောင့် ရှိတဲ့အနည်းငယ်ကို ပြန်ရောင်းချတာပါ"ဟု မဇ္ဈိမက ရောင်းချမှု ရှိမရှိ မေးမြန်းခြင်းကို ပြန်လည်ဖြေကြားခဲ့သည်။

City Mart Holding Co.Ltd အနေဖြင့် ယင်းနှင့် ဆက်နွယ်မှု ရှိသည်ဆိုသော Premium Product တွင် တရားမဝင် ကုန်သွယ်မှု တားဆီးရေးအဖွဲ့ (Mobile Team) က နိုင်ငံခြားဖြစ် အဖျော်ယမကာများ ဝင်ရောက်ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ရောင်းချမှုများကို ဒီဇင်ဘာ ၆ ရက်တွင် တရားဝင် ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

နှစ်သစ်ကူးကာလ ဝယ်လိုအား မြင့်တက်မှုကြောင့် ဒီဇင်ဘာ ၃၀ ရက်တွင် ကုန်စည်အနည်းငယ်ဖြင့် ပြန်လည်ရောင်းချခြင်းဖြစ်သည် ဟု ဒေါ်မေဇင်စိုးထက်က ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ နိုင်ငံခြားဖြစ် အရက်များကို ၁၉၉၆ ခုနှစ်ကတည်းက ပုံမှန်သွင်းကုန်လိုင်စင်ဖြင့် ခွင့်မပြုခဲ့ဘဲ ဟိုတယ်အချို့ နှင့် Duty Free ဆိုင်များကိုသာ တင်သွင်း ရောင်းချခွင့် ပေးထားသည်။

No comments: