Friday, January 24, 2014

ရခိုင်က မွတ်စလင်တွေ အုပ်စုလိုက် သတ်ဖြတ်ခံရဟုဆို

ABC

ရခိုင်ပြည်နယ် ​ဒုချီရာတန် ​ရွာမှာ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခအတွင်း ​ရိုဟင်ဂျာ ​ဘင်္ဂါလီ ​အယောက် ​၄၀ ​ယောက် ​အသတ်ခံခဲ့ရတယ်ဆိုတဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ​ကုလသမဂ္ဂ ​လူ့အခွင့်အရေးဆိုင်ရာ ​အကြီးအကဲ ​Navi ​Pillay ​က ​မြန်မာအစိုးရကို ​တောင်းဆိုလိုက်ပါတယ်။

ဒီလို ​အသက်ဆုံးရှုံးမှုတွေ ​ဖြစ်ခဲ့တယ်ဆိုတဲ့ ​စွပ်စွဲချက်နဲ့ ​ပတ်သက်ပြီး ​မြန်မာအစိုးရအနေနဲ့ ​သေသေချာချာ၊ ​မြန်မြန်ဆန်ဆန်နဲ့ ​ဘက်မလိုက်တဲ့ ​စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ​Navi ​Pillay ​က ​တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ ​ထုတ်ပြန်ကြေညာချက်ထဲမှာ ​ဇန်နဝါရီလ ​၉ ​ရက်နေ့တုန်းက ​ရခိုင် ​ဗုဒ္ဓဘာသာနဲ့ ​ရိုဟင်ဂျာ ​ဘင်္ဂါလီတွေကြား ​ဖြစ်ခဲ့တဲ့ ​ပြဿနာအတွင်း ​ရိုဟင်ဂျာ ​၈ ​ယောက် ​သေဆုံးခဲ့ရတယ်ဆိုတဲ့ ​ယုံကြည်ရလောက်တဲ့ ​သတင်းအချက်အလက် ​ရရှိထားတယ်လို့ ​ဖော်ပြထားပါတယ်။

နောက်ရက်ပိုင်း ​အကြာ ​ဇန်နဝါရီလ ​၁၃ ​ရက်နေ့ ​မှာတော့ ​ရဲအမှုထမ်းတစ်ဦးကို ​ရိုဟင်ဂျာ ​ဘင်္ဂါလီရွာသားတွေက ​ဖမ်းဆီး ​သတ်ဖြတ်လိုက်ပြီး ​အဲဒီ ​ညနေပိုင်းမှာပဲ ​ရဲတစ်ဦး ​အသတ်ခံရတာကို ​တုန့်ပြန်တဲ့အနေနဲ့ ​ရဲတွေနဲ့ ​ရခိုင်ဒေသခံတွေက ​မွတ်စလင် ​အယောက် ​၄၀ ​ကို ​ပြန်လည် ​သတ်ဖြတ်ခဲ့တယ် ​ဆိုတဲ့ ​သတင်းကို ​ရရှိထားတယ်လို့လည်း ​ဆိုပါတယ်။

ကုလသမဂ္ဂက ​ရရှိထားတဲ့ ​အချက်အလက်တွေကို ​မြန်မာအစိုးရကို ​ပေးထားပြီးပြီလို့ ​ဆိုပါတယ်။

ဒီလို ​ဖြစ်ရပ်ကို ​မြန်မြန်ဆန်ဆန် ​ဖော်ထုတ်ပြီး ​ပြတ်သားတဲ့ ​ဆုံးဖြတ်ချက်တွေ ​ချခြင်းအားဖြင့် ​မြန်မာအစိုးရအနေနဲ့ ​တာဝန်ယူမှုတွေ၊ ​ပွင့်လင်းမြင်သာမှုတွေ ​ရှိလာပြီဆိုတာကို ​ပြသမှာဖြစ်ပြီး ​ဒီမိုကရေစီ ​ဖော်ဆောင်တယ်ဆိုတာကို ​ပိုမို ​ခိုင်မာစေမှာ ​ဖြစ်သလို ​တရားဥပဒေ ​စိုးမိုးမှု ​ရှိလာပြီဆိုတာကို ​ပြသရာလည်း ​ရောက်မယ်လို့ ​Navi ​Pillay ​က ​ပြောပါတယ်။

မြန်မာအစိုးရကတော့ ​ပဋိပက္ခဖြစ်ခဲ့တာ ​မှန်တယ်လို့ ​ထွက်ဆိုထားပေမယ့် ​ပြည်သူသေဆုံးမှုတွေမရှိပဲ ​ရဲတစ်ဦးသာ ​ပျောက်ဆုံးနေတဲ့အတွက် ​အဲဒီ ​ကိစ္စကိုသာ ​စုံစမ်းသွားမှာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

မြန်မာအစိုးရက ​ပြည်သူ ​သေဆုံးမှုဖြစ်ခဲ့တယ်ဆိုတာကို ​ငြင်းဆိုထားပေမယ့်လည်း ​လူ့အခွင့်အရေးအဖွဲ့တွေက ​မနေ့တုန်းကပဲ ​ပြည်သူသေဆုံးမှုတွေဖြစ်ခဲ့ရတယ်လို့ ​ထပ်မံ ​ထွက်ဆိုနေကြပါတယ်။

ဘန်ကောက်မြို့အခြေစိုက် ​Fortify ​Rights ​အဖွဲ့ရဲ့ ​အဆိုအရ ​မျက်မြင်သက်သေတွေနဲ့ ​တခြားအချက်အလက်တွေအရ ​လူသတ်မှုတွေ ​ဖြစ်ခဲ့ပြီး ​အသတ်ခံရသူတွေထဲမှာ ​ကလေးငယ်တွေ၊ ​အမျိုးသမီးတွေလည်း ​ပါဝင်ပါတယ်။

No comments: