Monday, January 6, 2014

ဧရာဝတီတိုင်း အကျဉ်းထောင်များမှ အကျဉ်းသား ၈၀၀ ကျော်လွတ်မြောက်

စည်သူမောင်မောင်

သမ္မတ၏ လွတ်လပ်ရေးနေ့အကြို လူသားချင်းစာနာသည့် လွတ်ငြိမ်းချမ်းသာခွင့်အရ ဧရာဝတီတိုင်းအတွင်း အကျဉ်းထောင် လေးခုနှင့် ရဲဘက်စခန်းများမှ အကျဉ်းသား ၈၄၀ဦး ဇန်နဝါရီ ၃ရက်က လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သည်။

လွတ်ငြိမ်းချမ်းသာခွင့်တွင် ပုသိမ် အကျဉ်းထောင်မှ အကျဉ်းသား ၂၀၈ ဦး၊ အကျဉ်းသူ ၄၆ ဦး၊ မြောင်းမြ အကျဉ်းထောင်မှ အကျဉ်းသား ၂၄ ဦး၊ အကျဉ်းသူ ၃၂ ဦး၊ ဟင်္သာတ အကျဉ်းထောင်မှ အကျဉ်းသား ၇၇ဦး၊ အကျဉ်းသူ ၂၅ ဦး၊ မအူပင် အကျဉ်းထောင်မှ အကျဉ်းသား ၇၀ ဦး၊ အကျဉ်းသူ ၄ ဦး လွတ်မြောက်လာပြီး ကစကဲ စိုက်ပျိုးရေး ရဲဘက်စခန်းမှ အကျဉ်းသား ၈၇ဦးနှင့် ဆားမလောက် ဘ၀သစ် (၃) စိုက်ပျိုးရေးစခန်းမှ အကျဉ်းသား ၈၅ ဦးတို့ကို ဇန်န၀ါရီလ ၃ရက်က လွှတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံကြီးမှာ ကြီးနိုင်ငယ်ညှင်း နှိပ်စက်ခြင်းတွေ ကင်းဝေးပါစေ၊ တကယ်တော့ မှန်ခြင်းမှားခြင်း၊ အပြစ်ရှိခြင်း မရှိခြင်း၊ အရေးယူခြင်း မယူခြင်းတွေကို ဘယ်သူဆုံးဖြတ်တာဆိုတဲ့ အပေါ်ကို မူတည်နေပါတယ်၊ လွှတ်သင့်တဲ့ လူတွေ လွှတ်ပေးတာ မင်္ဂလာပါ။ လွှတ်သင့်တဲ့သူတွေ အများကြီး ကျန်နေပါသေးတယ်လို့ စိတ်ထဲမှာ ခံစားရပါတယ်” ဟု ဦးမောင်ဝိတ်က ပုသိမ် အကျဉ်းထောင်ရှေ့တွင် မီဒီယာများကို ပြောသည်။

၎င်းသည် လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူများထဲမှ မူးယစ်ဆေးဝါး အမှုများဖြစ်သည့် ပုဒ်မ (၁၅)၊ (၁၆) တို့ဖြင့် ပြစ်ဒဏ် (၁၅) နှစ်၊ ဧည့်စာရင်းမတိုင်၍ ပြစ်ဒဏ် ၃ နှစ် စုစုပေါင်း ပြစ်ဒဏ် ၁၈နှစ် အမိန့်ချမှတ်ခံထားရသူ ဖြစ်သည်။

သမ္မတ၏ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဇန်နဝါရီလတွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးရာ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီးတွင် အကျဉ်းသား ၇၀၀၀ ခန့် လွှတ်ပေးခဲ့ကြောင်း သတင်းများအရ သိရှိရသည်။

သီးခြားအတည်ပြုချက်ရယူရန် မဇ္ဈိမက သက်ဆိုင်ရာ အကျဉ်းဦးစီးဌာနတစ်ချို့နှင့် ပြည်ထဲရေးဝန်ကြီးဌာနကို ဇန်နဝါရီလ ၃ ရက် ညနေ ၆ နာရီခွဲခန့်က ဆက်သွယ်သော်လည်း စာရင်းအနှစ်ချုပ် မရရှိသေးကြောင်းသာ ပြန်လည်ဖြေကြားသည်။

နိုင်ငံတော်သမ္မတရုံးက ၁/၂၀၁၄ ဖြင့် ဇန်န၀ါရီလ ၃ ရက်အထိ ထောင်အသီးသီးတွင် ပြစ်မှုတစ်ခုခုဖြင့် ပြစ်ဒဏ်ကျခံရသူ အားလုံးသည်သဒဏ်ကျခံရသူဖြစ်ပါက ထောင်ဒဏ်တစ်သက် (နှစ် အကန့်အသတ်မရှိ လျှော့ပေါ့)၊ ထောင်ဒဏ်တစ်သက်ကျခံနေရသည့်သူကိုထာင်ဒဏ်နှစ် ၄၀ နှင့် ထောင်ဒဏ် နှစ် ၄၀ အောက် ကျခံရသူကို ပြစ်ဒဏ်၏လေးပုံတစ်ပုံ ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် (ထောင်ဒဏ် ၁၀ ကျခံပြီးသူဖြစ်ပါက) လျှော့ပေါ့ လွတ်ငြိမ်း ချမ်းသာ ခွင့်ပြုလိုက်သည်ဟု ဇန်န၀ါရီလ ၂ရက် ညနေ ၆ နာရီတွင် ထုတ်ပြန်လိုက်သည်။

No comments: