Monday, January 6, 2014

သွားအတူ၊ နေအတူ ဘ၀သစ်ဆီကို

စူးမယ်

မိုးတွေရွာချထားတာကြောင့် ဒီနေ့မနက်ရပ်ကွက်ထဲက လူသွားလမ်းပေါ်မှာ ရွံ့တွေတင်ကျန်နေတာမို့ သားသားနားနား ၀တ်စားဆင်ရင်ပြီး ကျောင်းသွားကြတဲ့ ကျောင်းသားလေးတွေ၊ အလုပ်ဆင်းကြတဲ့ မိဘတွေနဲ့ ကိုယ့်ကိစ္စနဲ့ကို သွားလာနေသူတွေဟာ မတော်တဆ လျော်မလှဲဖို့ သတိထား သွားလာနေကြပါတယ်။

ဒီမနက်ခင်းဟာ တခြားမနက်ခင်းတွေထက် လမ်းပေါ်မှာ လူသွားလာမှု ပိုရှုတ်ယှက်ခတ်နေတာကို သတိထား မိလိုက်ပါတယ်။ ကျောင်းတက်ကျောင်းဆင်း၊ ရုံးတက်ရုံးဆင်းဆိုတာတွေဟာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းက ကရင်နီအမှတ် (၁) ဒုက္ခသည်စခန်းအတွင်း ပုံမှန် မြင်တွေ့ရတဲ့ အခြေအနေပါ။

ဒီနေ့မနက်တော့ အမျိုးသားတွေမရှိသလောက်၊ အမျိုးသမီးတွေပဲ တစုပြီးတစု ကျမနေတဲ့ရပ်ကွက်ရဲ့အနောက်ဘက်ဆီကို ချီတက်သွားကြပါတယ်။ ရေမိုးချိုးအ၀တ်အစားလဲ၊ နံနက်စာစားပြီးတာနဲ့ လူအုပ်တွေချီတက်သွားရာဘက်ကို သွက်သွက်ကလေး လိုက်ပါသွားခဲ့ပါတယ်။

အမျိုးသမီးအုပ်ကြီးက စခန်းတွင်းရှိ UN ရုံးရှေ့မှာ သွားရောက် စုဝေးနေတာကို တွေ့ရပါတယ်။ ရုံးဧည့်ကြိုခန်းရဲ့ ထိုင်ခုံတန်းလျားမှာတော့ လူတွေပြည့်ထိုင်နေတာမို့ နေရာမလောက်တဲ့အတွက် မတ်တတ်ရပ်သူကရပ် တချို့အမျိုးသမီးတွေက မြေကြီးပေါ်မှာ ဖိနပ်ဖင်ခုထိုင်သူကထိုင်နဲ့ မယ်ဟောင်ဆောင်မြို့ပေါ်က UN ၀န်ထမ်းတွေအလာကို စောင့်မျော်နေကြပါတယ်။

မြန်မာအစိုးရနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် မတ်လက အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပေမဲ့ ယနေ့အချိန်ထိ ၁၉ လရှိသွားပြီဆိုပေမဲ့ ဒုက္ခသည်တွေ မိမိတို့ နေရပ်ရင်းသို့ ပြန်လှည် ဘ၀ထူထောင်ရေးကိစ္စအပေါ် ဆုံးဖြတ်ချက်ချနိုင်ဖို့ မသေချာမရေရာသေးတဲ့အတွက် တတိယနိုင်ငံသို့ ပြန်လှည် အခြေချနေ ထိုင်ရေးကိစ္စကိုသာ စောင့်ဆိုင်း နေကြရဆဲဖြစ်ပါတယ်။

တတိယနိုင်ငံသို့ သွားရောက်အခြေချဖို့ စိတ်ဝင်စားသူအားလုံး၂၀၁၃ သြဂုတ်လ နောက်ဆုံးထားပြီး လျှောက်ထား ကြရမှာ ဖြစ်တဲ့အတွက် အခုလို UN ရုံးရှေ့မှာ လူရာနဲ့ချီပြီး စောင့်နေကြတာလဲ ဖြစ်ပါတယ်။ နောက်ဆုံးသတ်မှတ်ထားတဲ့ရက်မှာ အမေရိကန်ကို သွားရောက်အခြေချနိုင်ဖို့ စိတ်ဝင်စားကြောင်း မပြနိုင်ရင် နောက်ပိုင်း ပြန်လှည်စိတ်ဝင်စားတဲ့ အချိန်ကြမှ လာရောက်လျှောက်သူတွေကို အခွင့်အလမ်းမရှိတော့ဘူးလို့ ရုံးရှေ့မှာ လာစောင့်နေသူတို့ရဲ့ ပြောပြချက်အရ သိရပါတယ်။

အမေရိကန်နိုင်ငံသို့ ပြန်လည်အခြေချ နေထိုင်ခြင်း အစီစဉ်ကို နောက်ဆုံးရက် သတ်မှတ်မှုပြုလုပ်လိုက်ပေမဲ့ မိသားစု တကွဲတပြားစီ နေနေကြရသူတွေအတွက်တော့ ပြန်လှည်ပေါင်းစည်းနိုင်အောင် နောက်ပိုင်းအခွင့်အလမ်းတွေ ဖွင့်ထားပေးဖို့လိုတယ်လို့ စခန်းကော်မတီ အတွင်းရေးမှုး ၁ ဆရာအောင်မောင်းက ပြောပါတယ်။

"သူတို့သတ်မှတ်ထားတဲ့ နောက်ဆုံးရက် ဆိုတော့ သူတို့သတ်မှတ်တာ ကျနော်တို့အနေနဲ့က ဘာမှမပြောလိုပါဘူး။ ဒါပေမယ့် ကျနော့်အနေနဲ့က မိသားစုကွဲတွေကိုတော့ နောက်ပိုင်းမှာ ပြန်လက်ခံနိုင်ရင် ကောင်းတာပေါ့နော်။ အခု ထက်ထိ ကျန့်ကျန်နေသေးတယ်။ ပြသာနာတွေ ဖြစ်လာနိုင်တယ်။ တချို့က မိန်းမသွားတာမျိုးတွေက ယောကျာင်္းကျန်ခဲ့တာမျိုးတွေရှိတယ် သူတို့လည်း အတူနေချင်မှာပေါ့"


၂၀၀၅ ခုနှစ်ကစပြီး ကရင်နီဒုက္ခသည်စခန်းရှိ ဒုက္ခသည်များ တတိယနိုင်ငံလို့ လူအများခေါ်ကြတဲ့ အနှောက်တိုင်းနိုင်ငံတွေကို စတင်လျှောက်ခွင့်တွေ ရှိလာခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင် တတိယနိုင်ငံကို ရောက်ရှိသွားတဲ့ ဒုက္ခသည်ဦးရေ တစ်သောင်းကျော်သွားပါပြီ။ ၂၀၁၃ ခုနှစ်မှာ ၆ လ အတွင်း ဒုက္ခသည် ၅၆၉ ဦးလောက် သွားရောက် အခြေချခဲ့တယ်လို့ သိရပါတယ်။

ဒီ တတိယနိုင်ငံလျှောက်ထားခြင်းကို ဒုက္ခသည်များအတွက် ပြန်လည်အခြေချ နေထိုင်ခြင်း အစီအစဉ် လို့လဲ ခေါ်ကြပါတယ်။ ဒီအစီအစဉ်ကို အမေရိကန်၊ သြစတေးလျှ၊ ဖင်လန်၊ နယူးဇလန်၊ ဆွီဒီ၊ နဲ့ ကနေဒါ စတဲ့နိုင်ငံတွေကနေပြီး ဒုက္ခသည်တွေကို လက်ခံခေါ်ယူနေတာပါ။

အမေရိကန်ကလွဲလို့ တခြားနိုင်ငံတွေဟာ၂၀၀၇-၈ ခုနှစ်နောက်ပိုင်း ဒုက္ခသည် အနည်းစုကိုသာ လက်ခံခေါ်ယူပါတယ်။ အဲဒီထဲမှာ မိသားစုအတွင်း ကျန်ခဲ့တဲ့သူကိုသာ ဦးစားပေးခေါ်ပါတယ်။ အမေရိကန်နိုင်ငံကျတော့ အဲဒီနှောက်ပိုင်း ဒုက္ခသည်တွေကို လျှောက်ထားသလောက် အများအပြား ခေါ်ယူလက်ခံနေတာပါ။

ဒီပြန်လည်အခြေချ နေထိုင်ခြင်း အစီစဉ်ဟာ ဒုက္ခသည်အတွက် ကောင်းကျိုးရှိသလို ဆိုးကျိုးလည်း ရှိနေပါတယ်။ သူတို့အတွက်ကောင်းကျိုးက စစ်ဘေးဒါဏ်ကနေ လွတ်မြောက်သွားပြီး နိုင်ငံရပ်ခြားမှာ ဘ၀သစ် ထူထောင်နိုင်တာပဲ ဖြစ်ပါတယ်။

ဆိုးကျိုးကတော့ မိသားစုအတွင်း မယားကသွားချင်ပြီး ခင်ပွန်းကမသွားချင်တဲ့အတွက် မိသားစုပြိုကွဲတဲ့ အဖြစ်တွေပါ။

အခု UN ရုံးရှေ့မှာ စောင့်နေတဲ့သူတွေကတော့ မိသားစုဝင်အချို့ အရင်သွားပြီးသားလူတွေ၊ တချို့က လျှောက်ပြီးသွားပေမယ့် ဘယ်အချိန်ထွက်ခွာရမလဲဆိုတာကို သိချင်လို့ လာစောင့်မေးတဲ့သူတွေ၊ နောက်ဆုံးရက်မို့ အခွင့်အရေးမရှိတော့မှာ ကြောက်လို့ လာလျှောက်တဲ့သူတွေ၊ အချို့ဆိုရင် သွားမလားနေမလား ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ မချနိုင်သေးတဲ့သူတွေဘဲ ဖြစ်ပါတယ်။

အဲ့ဒီထဲက မော်ဘဲမယ်က "ကျမတို့က စာမတတ်ဘူးလေး။ အစကတော့ မသွားချင်ပါဘူး။ ဒါပေမယ့် ခုနောက်ဆုံးအခွင့်အရေးပဲ ကျန်တာကို ကလေးတွေက ခဏခဏပြန်လာပြောပြီး လျှောက်ဖို့ တိုက်တွန်းကြလွန်းလို့ သူတို့စကားကို ပြန်နားထောင် ရတယ်လေး။ အဲကြောင့် လျှောက်ဖို့ လာစောင့်တာ" လို့ပြောပါတယ်။

ဘ၀သစ်တခုကို အသစ်ကနေ ပြန်လှည်ထူထောင်ကြရတာမို့ ဒုက္ခသည်တွေအတွက် သွားမလား၊ နေမလား၊ ပြန်မလားဆိုတဲ့ အခြေအနေပေါ်မှာ သေသေချာချာ စဉ်းစားစားဆုံးဖြတ်ဖို့က အရေးကြီးလှပါတယ်။ တချိန်ထဲမှာဘဲ ဘ၀သစ်တခု ထူထောင်ဖို့အတွက်က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့ လိုအပ်ပါတယ်။

ဒါပေမဲ့လက်ရှိအခြေအနေက အချိန်တွေမရှိတော့သလိုပါဘဲ။ ဘယ်လိုဘဲဖြစ်ဖြစ် ဘယ်နေရာမှာ ဘယ်လိုအခြေအနေနဲ့ဘဲ ဘ၀သစ်ကို ထူထောင်ရ ထူထောင်ရ မိသားစုရှိသူတွေအတွက် ကိုယ်တွေပိုင်ဆိုင်တဲ့စိတ်ရဲ့အလိုကို အလိုလိုက်ရမှာထက် မိသားစုဆိုတဲ့ တစုလုံးရဲ့ အရေးဖြစ်တဲ့အတွက် သွားအတူ၊ နေအတူ၊ ပြန်လည်းအတူဖြစ်နေဖို့က ပိုအရေးကြီးပါလိမ့်မယ်။

No comments: