Monday, January 6, 2014

ပြုပြင်ပြောင်းလဲရေးကာလ ၈၈ မျိုးဆက် ပထမဆုံးအကြိမ် လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော် ဟောပြောမှုများ လုပ်

မင်းမင်း ၊ နန်းလွင်နှင်းပွင့်

ဒီမိုကရေစီနိုင်ငံရေး လမ်းကြောင်းသို့သွားရန် ပြုပြင်ပြောင်းလဲရေး အစိုးရ သစ်တတ်လာပြီးသည့် နောက်ပိုင်း ပထမဦးဆုံး နိုင်ငံရေးအကျဉ်းသားများ လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွှတ်မြောက်လာခဲ့သည့် ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ သည် ဇန်န၀ါရီလ ၅ ရက်နေ့တွင် ပထမဦးဆုံးအကြိမ်အဖြစ် ဒီမိုကရေစီနှင့် မကိုက်ညီ သည့် ဥပဒေများအား ပယ်ဖျက်ပေးရေး လမ်းမထက်တွင် ပြည်တွင်း အခြေစိုက် လူမှု့အရပ်ဘက်အဖွဲ့အစည်း ၅၈ ဖွဲ့နှင့် အတူ ဆန္ဒပြတောင်းဆိုကာ လူထု ဟောပြောမှုများ ပြုလုပ်ခဲ့သည်။

ဆန္ဒပြထုတ်ဖော်ရန် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့က ကျောက်တံတားရဲစခန်းသို့ ခွင့်ပြုမိန့် တင်ထားပြီး အဓိက ဆန္ဒပြရန် တင်ထားချက်မှာ ဒီမိုကရေစီနှင့် မကိုက်ညီဘဲ ပြည်သူလူထုအပေါ် ကန့်သတ်ချုပ်ချယ်ထားသကဲ့သို့ ဖြစ်နေသည့် ပုဒ်မများအား ပယ်ဖျက်ပေးရန် ဖြစ်ပြီး ဆန္ဒထုတ်ဖော်မှု ကို ဇန်န၀ါရီ ၅ ရက်နေ့တွင် သရုပ်ဖော်မှုများ ပြုလုပ်ခဲ့သည်။ ပြည်သူလူထုအား ကန့်သတ် ချုပ်ချယ်ထားသည့် ပုဒ်မများ အပြင် ဆက်စပ်သည့် လယ်ယာမြေ သိမ်းဆည်းခံရသည့် အမှုများ၊ နိုင်ငံရေးအကျဉ်းသားများအားနိုင်ငံရေး ပုဒ်မဖြင့် ဖမ်းဆီးခံရခြင်း မဟုတ်သဖြင့် လွှတ်ငြိမ်ချမ်းသာခွင့် တွင် မပါဝင်သေးသည်များ၊ တည်ဆဲ ဥပဒေ အောက်တွင် ပင် အမျိုးသမီးများ မလုံခြုံရသည်တို့ ရှိနေခြင်းများကို လူထုအနေဖြင့် မမေ့ မလျော့ဘဲ လွတ်လပ်စွာ ပြောဆိုရန်၊ တောင်းဆိုရန် ၈၈ မျိုးဆက်က တိုက်တွန်းခဲ့သည်။

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း တစ်ဦး ဖြစ်သည့် ကိုမင်းကိုနိုင်က “ ကျွန်တော်တို့ ပြည်သူတွေ ပြန်ပြီး ညီညွှတ်မှ ရမယ်၊ ကျွန်တော်တို့တွေ မညီညွှတ်ရင် နောက်ကွယ်က လူကြီးက ဟားတိုက်ရယ်နေလိမ့်မယ်၊ ၀န်ထမ်းတွေ ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ယန္တယား အသီးသီး ပြန်ပြီး ညီညွှတ်ရင် အခုလို ဆိုင်းဘုတ်တွေ ကနေ တစ်ဆင့် နစ်နာဆုံးရှုံးနေရတာတွေကို တကမ္ဘာလုံးမြင်အောင်ပြလို့ရမယ်၊ ဖိနှိပ်ခံရတဲ့ နာကျင်မှုတွေကို အသံအကျယ်ဆုံးအော်နိုင်မယ်၊ “ဟု ပြောဆိုသည်။

သရုပ်ပြမှုများဖြင့် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း အပါအ၀င် လူမှု့အရပ်ဘက် အဖွဲ့အစည်း ၅၉ ဖွဲ့အား တည်ဆဲဥပဒေ ၏ အားနည်း ချက်များ၊ အားနည်းနေသည့် ဥပဒေများကို ပြင်ဆင်ရန် ကြွေးကြော် တောင်းဆိုပြီး ဆန္ဒပြသည့်နေရာတွင် ရှိသည့် လူထု ၂၀၀၀ ကျော်သို့ မိမိတို့ ဘက်မှ အခွင့်အရေး တောင်းဆိုရန်လည်း ရှင်းလင်း ပြောဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားများသည် အကျဉ်းစခန်းအသီးသီးမှ လွှတ်မြောက်လာပြီးနောက် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း အမည်ဖြင့် လူမှု့အရပ်ဘက်အဖွဲ့အစည်း အဖြစ်ရပ်တည်ကာ ၈၈မျိုးဆက် အမည်ဖြင့် တောင်သူလယ်သမားအရေး၊ အလုပ်သမားအရေး၊ လူ့အခွင့်အရေး ဆိုင်ရာကိစ္စရပ်များတွင် ဖြေရှင်းပေးမှုများကို ကဏ္ဍ အသီးသီးဖြင့် လုပ်ဆောင်နေပြီး ငြိမ်းချမ်းရေးနှင့်ပတ်သတ်၍ ကချင်ပြည်နယ်တွင်း ကြားဝင် ညှိနှိုင်းပေးမှုများ၊ စစ်ဘေးဒဏ်သင့် ဒုက္ခသည်စခန်းများသို့ ကူညီပေးမှုများ၊ ပဋိပက္ခဖြစ်ပွားခဲ့သည့် ကိစ္စရပ်များတွင် အစိုးရနှင့် ပူးပေါင်းခြင်း မပြုလုပ်ဘဲ အရပ်ဘက် အဖွဲ့အစည်းအနေုဖြင့် စုံစမ်းစစ်ဆေးမှုများ၊ ကယ်ဆယ်ရေးစခန်းများအား ပံ့ပိုးမှုများ လုပ်ဆောင်လျှက်ရှိသည်။

ဒီမိုကရေစီနိုင်ငံ သို့ သွားနေသည့်လမ်းစဉ်ဖြစ်သည့် လူ့အခွင့်အရေးကာကွယ်ထိန်းသိမ်းပြီး ဖြစ်သည့် ဥပဒေများ ဖြစ်လာနိုင်ရန်လည်း ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက “အရင်တုန်းက အုပ်ချုပ်တဲ့သူတွေက ဥပဒေကဲ့သို့ အာဏာ တည်သောအမိန့်ဆိုရင် ကျွန်တော်တို့က ဘာမှန်းမသိ နာခံခဲ့ရတယ်။ အဲ့တော့ နောက်နောင် ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့လူမျိုး အတွက် ဥပဒေဆိုတာ ပြည်သူတွေက တစ်ဆင့်သာ ပြဌာန်းတဲ့ဥပဒေတွေဖြစ်အောင် ကျွန်တော်တို့ကြိုးစားရမယ်။”ဟု လူထုအား တိုက်တွန်း ပြောဆိုသည်။

န်န၀ါရီလ ၅ ရက်နေ့၊ မဟာဗန္ဒုလ ပန်းခြံအနီးတွင် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းတင်၊ အလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၊ မင်္ဂလာတောင်ညွှန့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၊ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ၊ လယ်ယာမြေအရေး၊ တောင်သူ လယ်သမားအရေး၊ နိုင်ငံရေးတို့တွင် လှုပ်ရှားလျှက်ရှိသည့် အဖွဲ့အစည်း ၅၆ ၈ ဖွဲ့တို့မှ ၈၈မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ပူးပေါင်းကာ ဆန္ဒထုတ်ဖော်မှုတွင် လွတ်လပ်စွာဆန္ဒ ထုတ်ဖော်ခွင့် ပေးရန် သရုပ်ဖော်မှုများ ပြုလုပ်ခဲ့သည်။

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း အနေဖြင့် လူမှု့အရပ်ဘက်အဖွဲ့အစည်း အဖြစ် မှတ်ပုံတင်ရန် ပြင်ဆင်လျှက်ရှိပြီး ၈၈မျိုးဆက် ခေါင်းစဉ်အောက်တွင်ပင် လယ်သမားရေး၊ အလုပ်သမားရေး၊ နိုင်ငံရေး စသဖြင့်ကဏ္ဍ အသီးသီးဖြင့် လုပ်ကိုင်ရန်ဆောင်ရွက်သွားမည်ဟုလည်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ပြန်ကြားရေးမှ မဇ္စျိမသို့ ပြောဆိုထားသည်။

No comments: