Wednesday, January 8, 2014

ဒေါ်စုသမ္မတဖြစ်ရေး ကန့်သတ်ထားသည်ဆိုသည့် ပုဒ်မ လေ့လာသုံးသပ်ရေးအဖွဲ့တွင် NLD တစ်ဦးသာပါဝင်

မင်းမင်း

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ကန့်သတ်ထားသည်ဟုဆိုသည့် ဖွဲ့စည်းပုံပုဒ်မ-၅၉(စ) လေ့လာ သုံးသပ်ရမည့် ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အဖွဲ့(၁)တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှကိုယ်စားလှယ်တစ်ဦးသာ ပါရှိသည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က မဇ္ဈိမ ကို ပြောသည်။

“ဒီအဖွဲ့မှာ ကျွန်တော်တစ်ယောက်တည်းဆိုပေမယ့် အကြံပြုစာအားလုံးကို အခန်းအလိုက် လေ့လာသုံး သပ်ပြီး ပူးပေါင်းကော်မတီကို တင်ပြရမှာပါ။ ဆုံးဖြတ်မှာကတော့ ပြည်ထောင်စုလွှတ်တော်မှာ ဆုံးဖြတ်မှာဖြစ်လို့ ပြည်ထောင်စုလွှတ်တော်ရဲ့ဆုံးဖြတ်ချက်က အဓိကကျပါတယ်။ လွှတ်တော်မှာ တင်လာတဲ့အခါ ဘယ်အဖွဲ့က သုံးသပ်လေ့လာမှုကိုပဲဖြစ်ဖြစ် ဆွေးနွေးခွင့်ရှိတာပဲ”ဟု ပြောသည်။

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဟု နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ပြည်တွင်း နိုင်ငံရေးအင် အားစုအချို့က သတ်မှတ်မည့် ဖွဲ့စည်းပုံခြေခံဥပဒေ အခန်း (၃) ပုဒ်မ-၅၉(စ)ဖြစ်သည့် သမ္မတအရည်အချင်း သတ်မှတ်ချက် ပြင်ဆင်နိုင်ရေးနှင့်ပတ်သက်၍ အကြံပြုစာများကို လေ့လာသုံးသပ်ရမည့် အဖွဲ့(၁) တွင် ပြည်ခိုင်ဖြိုးပါတီမှ သူရဦးအေးမြင့် ဦးဆောင်မည်ဖြစ်ပြီး အဆိုပါအဖွဲ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်အဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်တစ်ဦးသာ ပါရှိသည်။

အဖွဲ့(၁)တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ငါးဦးနှင့် တိုင်းရင်းသားပါတီများနှင့်လွှတ်တော် တွင်းရောက်ရှိနေသည့်ပါတီများမှ လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးပါရှိပြီး ထိုအဖွဲ့(၁)တွင် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အများဆုံး ၁၀ ဦးဝန်းကျင်အထိ ပါရှိကြောင်း သိရသည်။

အဖွဲ့(၁)မှကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက “သမ္မတအရည်အချင်းသတ်မှတ် ချက်ကတော့ အကြံပြုစာတွေ ကြည့်ရဦးမယ်။ ဒါကတော့ ကျွန်မတစ်ဦးတည်း ဆုံးဖြတ်လို့မရဘူး။ အားလုံးရဲ့သဘောတူညီချက်နဲ့ ဆုံးဖြတ်ရမယ့် ကိစ္စပါ။ နောက် အခန်း(၁၂)ကတော့ ပြင်ရမယ့်ကိစ္စပါ။ ဒါမှ မပြင်ရင်တော့ ကျန်တာတွေ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး”ဟု ပြောသည်။

ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးကို ဇန်န၀ါရီ ၇ ရက် နံနက်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးမှ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်တွင်း၊ ပြည်ပမှ အကြံပြုချက်ပေါင်း သုံးသိန်း ကျော်မှ အကြံပြုစာ ၃၀,၀၀၀ ကျော်ကို ကော်မတီဝင် ၁၀၆ ဦးက အဖွဲ့ ငါးဖွဲ့ခွဲကာ ဖွဲ့စည်းပုံပါ အခန်း လိုက် ခွဲဝေလေ့လာ သုံးသပ်ရမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

အဆိုပါအဖွဲ့ငါးဖွဲ့၏ အဖွဲ့(၁)သည် ဖွဲ့စည်းပုံဥပဒေ၏ အခန်း(၁)၊ အခန်း (၂)၊ အခန်း(၃)နှင့် အခန်း(၁၂) ကို လေ့လာသုံးသပ်ရမည်ဖြစ်သည်။

ထိုအဖွဲ့(၁)၏တာဝန်တွင် အခန်း(၃)ပါ ပုဒ်မ-၅၉(စ)ဖြစ်သည့် သမ္မတအရည်အချင်းသတ်မှတ်ချက်များ ပါရှိသည်။ အဆိုပါပုဒ်မအား ပြင်သင့်၊ မသင့်နှင့်ပတ်သက်ပြီး ပြည်တွင်းနိုင်ငံရေးအင်အားစုများအကြား အငြင်းပွားမှုများ ရှိနေသည်။

အဆိုပါပုဒ်မ-၅၉(စ)နှင့် ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဖွဲ့စည်းပုံပြင်ဆင်ရေး စတင်ပြင်ရန်မလိုကြောင်း ကန့်ကွက်ခဲ့ဖူးသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဖွဲ့စည်းပုံပြင်ဆင်ရေး လူထုသဘောထား ဆွေးနွေးမှုများပြုလုပ်ရာတွင် ပုဒ်မ-၅၉(စ)ပြင်ဆင်ရေးကို အဓိကဦးတည်ဆောင်ရွက်ခဲ့ခြင်းအေပါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

ဥရောပနိုင်ငံများကလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးနှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေးအတွက် မြန်မာအစိုးရကို ဖိအားပေးမည်ဟုလည်း တရားဝင် ထုတ်ဖော် ပြောကြားခဲ့သည်။

No comments: